ချင်းအမျိုးသားတပ်ဦးအကြောင်း
နိဒါန်း
ချင်းလူမျိုးတို့သည် မွန်ဂိုလွိုက်အနွယ်ဝင်များဖြစ်ကြပြီး
တရုတ်ပြည်အလယ်ပိုင်းမှ ဆင်းသက်လာကြသူများ ဖြစ်ကြသည်။ တရုတ် ပြည် အလယ်ပိုင်းမှ တောင်ပိုင်းသို့
တဖြည်း ဖြည်း ဆင်းလာကြပြီး အေဒီ(၉)ရာစု မတိုင်မှီအချိန်တွင် ချင်းတွင်းနှင့် ဧရာ ဝတီမြစ်ဆုံ ဒေသသို့ရောက်ရှိကာအခြေချနေထိုင်လာခဲ့ကြသည်။ အေဒီ (၁ဝဝဝ) ပတ်ဝန်းကျင်ခန့်တွင် ချင်းလဲန်သို့ စတင် ကာဝင်ရောက်အခြေ
ချ နေထိုင်လာခဲ့ကြသည်ဟုခန့်မှန်းရသည်။ ရှေးပဝေသဏီကတည်းက မည်သည့်တိုင်းတပါး လက်အောက် တွင်မျှ
မကျရောက်ခဲ့ဘဲ မိမိတို့ မျိုးနွယ်စုအလိုက် အကြီးအကဲအုပ်ချုပ်မှုစနစ်ဖြင့် လွတ်လွတ်လပ်လပ်အုပ်ချုပ်ခဲ့ကြသည်။
ချင်းလူမျိုးတို့သည်တိဗက်တို-ဘားမား (Tibeto-Burman) စကားပြောအုပ်စုများဖြစ်ကြပြီး
၎င်းတို့ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် စာပေ ရှိခဲ့ကြသည့်အပြင် နေထိုင်ရန် ရေမြေ၊ နယ်နိမိတ်အထင်အရှားရှိခဲ့ကြသည့်
သီးခြားလွတ်လပ်သော အမျိုးသားလူမျိုးများဖြစ်သည်။ (၁၉)ရာစုအတွင်း ဗြိတိသျှ များက ကျူးကျော်တိုက်ခိုက်ရာမှ
၁၈၉၆-ခုနှစ်တွင် ချင်းလဲန်တခုလုံး ဗြိတိသျှလက်အောက်သို့ ကျရောက်သည်ဟု တရားဝင် ကြေညာခဲ့သော်လည်း
အချို့ချင်းလဲန်နယ်မြေကို ဝင်ရောက်သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ပေ။ ၂ဝရာစု အစောပိုင်းကာလရောက်မှသာ
ချင်းလဲန်တခုလုံး ဗြိတိသျှလက်အောက်သို့ ကျရောက်သွားခဲ့သည်။
ချင်းလဲန်သည် ဗြိတိသျှ-အိန္ဒိယ British-India
၏ အစိတ်အပိုင်းအဖြစ် အုပ်ချုပ်ခဲ့ရာ ၁၉၃၇-ခုနှစ်တွင် ဘားမားအက်ဥပဒေ (Burma Act) အရ
ဗြိတိသျှ-အိန္ဒိယမှ ဗမာပြည်အားခွဲထုတ်လိုက်သောအခါ ချင်းလဲန်ကို ချင်းအမျိုးသားများ၏
ဆန္ဒမပါဘဲ နှစ်ပိုင်း သို့ ခွဲခြားခြင်းခံခဲ့ရသည်။ အနောက်ဖက်ဒေသအား ဗြိတိသျှ-အိန္ဒိယ
အုပ်ချုပ်မှုအောက်တွင် ဆက်လက်တည်ရှိစေခဲ့ပြီး အရှေ့ ဖက်ဒေသသည် ဗြိတိသျှ-ဘာားမား (British-Burma)
အုပ်ချုပ်မှုအောက်သို့ ကျရောက်ခဲ့သည်။ ၁၉၄၇-ခုနှစ်တွင် ဗြိတိသျှ-အိန္ဒိယ လွတ်လပ်ရေးရရှိလာသောအခါ
ပါကစ္စတန်နှင့်အိန္ဒိယနိုင်ငံဟူ၍ နှစ်ခြမ်းကွဲသွားခဲ့ကြရာ အနောက်ဖက်ဒေသချင်းလဲန်သည် ၄င်းတို့
၏ ဆန္ဒမပါဘဲ နှစ်ပိုင်းသို့ ပြန်လည်ခွဲဖဲ့ခြင်းခံခဲ့ရသည်။ တပိုင်းသည် အရှေ့ပါကစ္စတန်(ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံ)
လက်အောက်သို့ ကျရောက်သွားပြီး ကျန်တပိုင်းသည် အိန္ဒိယလက်အောက်သို့ ကျရောက်သွားခဲ့ရသည်။
၂ဝ ရာစုအစောပိုင်းကာလတွင် ဗမာပြည်၌ မျိုးချစ်လူငယ်များမှ
ဒို့ဗမာအစည်းအရုံးဖွဲ့၍ အမျိုးသားလှုပ်ရှားမှုများ ပြုလုပ်လာကြ သကဲ့သို့ ချင်းပြည်တွင်လည်း
ချင်းမျိုးချစ်လူငယ်များသည် ချင်းအမျိုးသားသမဂ္ဂ (Chin National Union) ဖွဲ့စည်း၍ အမျိုးသား
လှုပ်ရှားမှု သီးခြားပြုလုပ်ခဲ့ကြသည်။ ၁၉၃၃-ခုနှစ်တွင် ချင်းအမျိုးသားသမဂ္ဂသည် ရန်ကုန်ရှိ
ဗြိတိသျှအစိုးရထံသို့ ချင်းပြည်အား လွတ်လပ်ရေးပေးရန်တောင်းဆိုမှုပြုလုပ်ခဲ့သည်။ ၁၉၃၉
ခုနှစ်တွင် ထိုသို့တောင်းဆိုမှုပြုလုပ်ကြသည့် ယင်းလူငယ်များအားဖမ်းဆီး အကျဉ်းချခဲ့ကြသည်။
၁၉၄၅ ခုနှစ် ဗြိတိသျှနိုင်ငံရွေးကောက်ပွဲတွင် လေဘာပါတီခေါင်းဆောင် အက်တလီ အနိုင်ရရှိပြီး
ဝန်ကြီးချုပ် ဖြစ်လာသောအခါ ကိုလိုနီနိုင်ငံများ လွတ်လပ်ရေးရရှိရေးသည် ဧကန်အမှန်သေချာသော
ကိစ္စတခုဖြစ်လာခဲ့သည်။ ထို့ကြောင့် အောင်ဆန်း-အက်တလီ ဆွေးနွေးပွဲတွင် ချင်း၊ကချင်နှင့်
ရှမ်းလူမျိုးများကိုလိုနီခေတ်မတိုင်မှီလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုများကို
လေးစားအသိအမှတ်ပြုသည့်အပြင် ထိုလူမျိုးများ၏ သီးခြားလွတ်လပ်ရေးရယူခွင့်၊ သီးခြား အမျိုးသား
နိုင်ငံတော်များထူထောင်ခွင့်နှင့် ထိုလူမျိုးတို့၏ ကိုယ့်ကြမ္မာကိုယ်လွတ်လပ်စွာ ဖန်တီးခွင့်တို့ကို
အသိအ မှတ်ပြုခဲ့ကြ သည်။ ၁၉၄၇ ခုနှစ်၊ ဖေ ဖော်ဝါရီ (၆-၇) ရက်နေ့များတွင် ရှမ်းပြည်ပင်လုံမြို့၌
ရှမ်း၊ ကချင်၊ ချင်း ကိုယ်စားလှယ်များတွေ့ဆုံခဲ့ကြပြီး အဆင့်အတန်းတူ၊ အခွင့် အလမ်းတူ၊
ရပိုင်ခွင့်တူ၊ ဒီမိုကရေစီနည်းကျကျခံစားခွင့်များနှင့် ပြည်ထောင်စုမှ ခွဲထွက်လိုလျှင် ခွဲထွက်နိုင်ခွင့်ရှိမည်ဆိုလျှင်
ဗမာ၊ ရှမ်း၊ ကချင်၊ ချင်းတို့ အတူတကွပူးပေါင်း၍ တိုင်းပြည်ထူထောင်ရန် သဘောတူညီခဲ့ကြသည်။
ယင်းသဘောတူညီချက်ကို ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ဗမာကိုယ်စားလှယ်အဖွဲ့ကလည်း လက်ခံသဘောတူညီ ခဲ့ကြသဖြင့်
ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးကာ ကမ္ဘာ့အလယ် တွင် ပြည်ထောင်စု
မြန်မာနိုင်ငံတော်ကြီး ပေါ်ထွန်းလာခဲ့သည်။
ပင်လုံစာချုပ်အရ တိုင်းရင်းသားအချင်းချင်းအကြား
နိုင်ငံရေးနှင့်လူမျိုးရေးအရ အဆင့်အတန်းတူ၊ အခွင့်အလမ်းတူ၊ ရပိုင်ခွင့်တူ ဟူ သော အာမခံချက်ဖြင့်
ပြည်ထောင်စုကို တည်ဆောက်ရန်ရည်ရွယ်ခဲ့သော်လည်း ၁၉၄၇ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်
ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ပြည်ထောင်စုတည်ထောင်လာသောအခါ လူဦးရေအရအများစုဖြစ်သော
ဗမာအမျိုးသားများ က လွှတ်တော်နှစ်ခုတွင်ကြီးစိုးထားခြင်း၊ ဗမာပြည်နယ် သီးသန့်ဖွဲ့စည်းမှုမရှိခြင်း၊
ဗဟိုအစိုးရအာဏာနှင့် ပြည်နယ်အစိုးရအာဏာ ခွဲ ဝေပေးမှုမရှိခြင်း၊ ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံမရှိခြင်း၊
ရန်ကုန်အစိုးရသည် ဗဟိုအစိုးရဖြစ်သွားပြီး ပြည်နယ်ပြည်မဟုခွဲခြားကာ အ ချုပ်အခြာအားလုံးကို
ရန်ကုန်အစိုးရက ချုပ်ကိုင်ထားခြင်းစသည်ဖြင့် ပင်လုံစာချုပ်၏အနှစ်သာရဖြစ်သော ဖက်ဒရယ်ပြည်ေ ထာင်စု
ဖွဲ့စည်းပုံမျိုးမဟုတ်တော့ပဲ တပြည်ထောင်စနစ်ဖွဲ့စည်းပုံဖြင့်သာအုပ်ချုပ်ခဲ့သည်။ ထို့ကြောင့်
လူမျိုးရေး၊ နိုင်ငံရေးအရ မညီမျှမှု၊ အ ဆင့်အတန်းခွဲခြားမှုရှိခဲ့သည့်အပြင် ဘိုးဘွားအမွေအနှစ်
ချင်းလဲန်အချို့ကိုပင် ဗမာပြည်မအစိတ်အပိုင်းအဖြစ်သို့ ခွဲဖဲ့ခြင်းခံခဲ့ရ သည်။ ချင်းအမျိုးသား ညီအစ်ကိုမောင်နှမများအကြား အုပ်ချုပ်ရေးအရ
ခွဲခြားအုပ်ချုပ်ခြင်းခံခဲ့ရပြန်သည်။ ဤသို့သော အခြေအ နေများကြောင့် တိုင်းရင်းသားအချင်းချင်းအကြား
ပြည်တွင်းစစ်မီးတောက်လောင်ခဲ့ရပြီး ထိန်းမနိုင်သိမ်း မရ ဖြစ်လာခဲ့ရသည်။ ထို့ ကြောင့်
ပြည်ထောင်စုအတွင်း အဓိကနိုင်ငံရေးပြဿနာဖြစ် သည့်
ပြည်ထောင်စုစစ်စစ် ပေါ်ထွန်းလာရေးအတွက် ရှမ်းပြည်တောင် ပိုင်း တောင်ကြီးမြို့တွင်
ရှမ်း၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်၊ ချင်း စသည့်တိုင်းရင်းသားများ ၁၉၆၁ ခုနှစ်၊ ဇွန်လ
(၈-၁၆)ရက်နေ့အထိ တွေ့ဆုံကြကာ ပြည်နယ်ပေါင်းစုံညီလာခံ ကျင်းပခဲ့ကြ သည်။ ဤသို့ပြည်ထောင်စုအတွင်း
ငြိမ်းချမ်းရေး၊ တရားမျှတမှုရရှိရေးအ တွက် ပြည်ထောင်စုစစ်စစ် တည်ထောင်ရန် ကြိုးပမ်းမှုအား
ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော ဗမာ့တပ်မတော်သည် ပြည်ထောင် စုပြိုကွဲမည့်အရေးမှ ကယ်တင်ရန်ဟု
အကြောင်းပြကာ ၁၉၆၂-ခုနှစ်၊ မတ်လ (၂)ရက်နေ့တွင် ပြည်သူ့ အစိုးရထံမှ နိုင်ငံတော်အာ ဏာကို
စစ်အင်အားသုံး ကာ တော်လှန်ရေးကောင်စီအမည်ဖြင့် မတရားသိမ်းပိုက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ
တော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုပါ ဖျက်သိမ်းခဲ့ပြီး စစ်အုပ်ချုပ်ရေးစနစ်ဖြင့်
(၁၂) နှစ်လုံးလုံး အုပ်ချုပ်ခဲ့သည်။
၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ နေ့စွဲဖြင့်
ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ တော်လှန်ရေးကောာင်စီမှ ကြေညာချက်အမှတ် (၇၄) ထုတ်ပြန်ကာ
တိုင်းရင်းသားလူမျိုးအားလုံးအား ပြည်တွင်းညီညွတ်ရေးအကြံပေးချက် တောင်းခံခဲ့သည်။ ချင်းအမျိုးသားများ
အနေဖြင့် တန်းတူမှု၊ ညီမျှမှု၊ တရားမျှတမှုရှိရေးနှင့် စစ်မှန်သောပြည်ထောင်စု တည်ဆောက်ရေးတို့အတွက်
အချက်ပေါင်း (၁၅ဝ) ကျော်ပါဝင်သည့် အကြံပေးလွှာတင်သွင်းခဲ့သည်။ သို့သော် ထိုအကြံပေးလွှာတင်သွင်းသူဟု ယူဆရသော ချင်းအမျိုးသား
(၇ဝ) ကျော်အား ဖမ်းဆီးခဲ့ပြီး တရားရုံးသို့ မည်သို့မျှ ရုံးတင်အမှုဖွင့် စွဲချက်တင်ခြင်းမပြုဘဲ
၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲ အတည်ပြုပြဌါန်းပြီးသည်အထိ ထောင်သွင်းအကျဉ်းချ
နှိပ်စက်ခဲ့သည်။ အာဏာသိမ်းစစ်အုပ်စုသည် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (တပါတီအာဏာရှင်စနစ်ကိုသက်ဆိုးရှည်စေသည့်နိုင်ငံတော်ဖွဲ့စည်း
အုပ် ချုပ်ပုံအခြေခံဥပဒေ)ကို ချင်းပြည်သူလူထုအား အတင်းအကြပ်ထောက်ခံစေခဲ့ပြီး ၁၉၇၄ ခုနှစ်၊
ဇန္နဝါရီလ (၄)ရက်နေ့တွင် အတည် ပြုပြဌာန်းခဲ့သည်။ ယင်းဥပဒေအောက်တွင် လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းနှင့်
ဘဝလုံခြုံမှုများ ဆိတ်သုဉ်းခဲ့ရသည်။ ၄င်းအပြင် ပြည် ထောင်စုအတွင်း ဗမာလူမျိုးကြီးစိုးရေး
ဗုဒ္ဓဘာသာထွန်းကားရေး၊ ဗမာစာပေ၊ ဗမာယဉ်ကျေးမှု နှင့် ဗမာဘာသာစကား လွှမ်းမိုးရေး အတွက်
အမျိုးဘာသာ၊ သာသနာထွန်းကားရေးကို ကြွေးကြော်ကာ ချင်းအမျိုးသားများအပါအဝင် အခြားအမျိုးသားများ၏
ယဉ် ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းနှင့် အမျိုးသားစာပေများကို စနစ်တကျဖျက်ဆီးပြီး လူမျိုးတိမ်ကောပပျောက်အောင်
တစိုက်မတ်မတ် လုပ်ဆောင်အကောင်အထည်ဖော်ခဲ့သည်။
စစ်အာဏာရှင်တို့သည် အမျိုး၊ ဘာသာ ၊သာသနာထွန်းကားရေးအတွက်
တစိုက်မတ်မတ် ဆောင်ရွက်ခြင်းကြောင့်လည်းကောင်း၊ မိမိအာဏာတည်မြဲရေးအတွက် ဆောင်ရွက်ခြင်းကြောင့်လည်းကောင်း၊
တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးမှာ ဖိနှိပ်ချုပ်ချယ်မှု၊ ဒီမိုကရေစီဆိတ်သုဉ်းမှုနှင့်
အဆိုးရွားဆုံးလူ့အခွင့်အရေး ချိုးဖောက်မှုများ ကြုံတွေ့ရကာ အတောမသတ်နိုင်သော ပြည်တွင်းစစ်မီး
တောက်လောင်ခဲ့ရသည်။ ယင်းတို့ကြောင့် နိုင်ငံတကာမျက်နှာစာတွင်လည်း တံခါးပိတ်ဝါဒကို ကျင့်သုံးပြီး
နိုင်ငံတကာ ဆက်ဆံ ရေးတွင် မိမိကိုယ်ကိုအထီးကျန်အောင် ပြုလုပ်ခဲ့သည်။ ယင်းတို့၏ အကျိုးဆက်ကြောင့်သော်လည်းကောင်း၊
အဂတိလိုက်စားမှု ဖြင့် ပြည့်နှက်နေသော ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ထူထောင်ခြင်းကြောင့်
သော်လည်းကောင်း၊ ၁၉၈၇ ခုနှစ်တွင် ကမ္ဘာ့အဆင်းရဲ ဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့ရပြီး
၁၉၈၈ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့တွင် ပြည်သူ့အထွေထွေအုံကြွမှုကြီးတရပ် ပေါ်ပေါက်ကာ တပါတီအာဏာရှင်စနစ်
ဖြုတ်ချခဲ့သော်လည်း ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့တွင် ဒုတိယအကြိမ် စစ်အုပ်စုမှ
အာ ဏာသိမ်းခဲ့ပြန်သည်။
ချင်းအမျိုးသားတပ်ဦးပေါ်ပေါက်လာပုံ
ချင်းအမျိုးသားတို့သည် ကိုယ့်မင်းကိုယ့်ချင်းဖြင့်အုပ်ချုပ်ခဲ့ကြရာမှ
ဗြိတိသျှလက်အောက်သို့ကျရောက်ပြီး ၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီ လ (၁၂)ရက်နေ့တွင် ပင်လုံစာချုပ်အရ
တန်းတူညီမျှမှုရှိသော ပြည်ထောင်စုတည်ထောင်ရေးအတွက် ရည်မှန်းခဲ့ကြသည်။ သို့ သော် ၁၉၄၇
ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပေါ်ပေါက်လာသောအခါ
ယင်းဥပဒေသည် မူလ ရည်ရွယ်ချက်အတိုင်း ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံဥပဒေမဟုတ်ပဲ တပြည်ထောင်ဖွဲ့စည်းပုံ
အခြေခံဥပဒေသာဖြစ်ခဲ့သည်။ ထို့ ကြောင့် လက်တွေ့ ပြည်ထောင်စုတည်ဆောက်လာသောအခါ ချင်းအမျိုးသားတို့အနေဖြင့်
ကိုယ်ပိုင်ပြဌာန်းခွင့်မရှိတော့သည့် အပြင် မိမိတို့ ချင်းအမျိုးသားနယ်မြေကိုပင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေအဖြစ်
သတ်မှတ်ပေးမှုမရှိခြင်း၊ အခြေခံဒီမိုကရေစီအခွင့် အရေးမရှိခြင်း၊ ပြည်ထောင်စုဥပဒေပြုရေးတွင်
ညီမျှသောကိုယ်စားလှယ်များမရှိခြင်း စသည့်ပြဿနာများနှင့် ကြုံတွေ့ရသည်။ ဤ ကဲ့သို့သော
အခြေအနေများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန်အတွက် ဗမာမဟုတ်သော တိုင်းရင်းသားများအားလုံး
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ၁၉၆၁ ခုနှစ်၌ တွေ့ဆုံဆွေးနွေးကြပြီး ပြည်ထောင်စုအစစ်
အမှန်ပေါ်ထွန်းရေးအတွက် အကြံပြုခဲ့ကြသည်။ သို့ သော် စစ်အစိုးရမှ ၄င်းအကြံပေးချက်ကို
မလိုက်လျောခဲ့သည့်အပြင် မတရားဖမ်းဆီး၊ နှိပ်စက်၊ ထောင်ချမှုဖြင့်သာ တုံ့ပြန်ခဲ့သည်။
ချင်းအမျိုးသားတို့သည် စစ်အစိုးရလက်အောက်တွင် မိမိတို့အမျိုးသားအခွင့်အရေးများ ဆုံးရှုံးခဲ့သည့်အပြင်
ယဉ်ကျေးမှု၊ ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာနှင့် စာပေများကိုပါ စံနစ်တကျ ဖျက်ဆီးခြင်းခံခဲ့ရသည်။
ထို့ကြောင့် မဟာလူမျိုးကြီးဝါဒီ စစ်အာဏာရှင်စံနစ်ကို
ဖြုတ်ချပြီး မိမိတို့၏ ဆုံးရှုံးသွားသော အမျိုးသားအခွင့်အရေးများ ပြန်လည် ရရှိရေး၊ စီးပွားရေး၊
နိုင်ငံရေး၊ လူမှုရေးကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့အတွက် ချင်းအမျိုးသားတပ်ဦးကို
၁၉၈၈ ခုနှစ်၊ မတ်လ (၂ဝ)ရက်နေ့တွင် ဖွဲ့စည်းပြီး စတင် တော်လှန်တိုက်ပွဲဝင်လာခဲ့သည်။
ရည်မှန်းချက်ပန်းတိုင်
ချင်းအမျိုးသားတပ်ဦးသည် အမျိုးသားရေးအတွက် တော်လှန်တိုက်ပွဲဝင်ရာ၌
ရည်မှန်းချက်ပန်းတိုင် အဖြစ်-
(က)
အမျိုးသားပြည်နယ်များကို အခြေခံသည့် တန်းတူမှုရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန်၊
(ခ)
ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ပြန်လည်ရရှိရန် နှင့်
(ဂ)
ဒီမိုကရေစီစနစ် ထူထောင်ရန် ဟူ၍ချမှတ်သည်။
ယုံကြည်ချက်
ချင်းအမျိုးသားနှင့် ချင်းလဲန်ပြည်သူများအပေါ်၌
အုပ်ချုပ်မင်းမူကျွန်ပြုနေကြသော မဟာလူမျိုးကြီးဝါဒီ စစ်အာဏာရှင်များကို ချင်း အမျိုးသားနှင့်
ချင်းပြည်သူများ၏ သွေးစည်းညီညွတ်မှုအင်အားဖြင့် အမြစ်ပြတ်တိုက်ထုတ်ချုပ်ငြိမ်းစေပြီး
လွတ်လပ်မှု၊ တရားမျှတ မှု၊ တန်းတူမှုထွန်းကားစေကာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အပြည့်အဝရှိ၍
ပြည်သူလူထုတွင် အာဏာအပြည့်အဝရှိသည့် ဒီမိုက ရေစီစနစ်ကို အခြေခံသော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်
တည်ဆောက်နိုင်မှသာ သာယာဝပြော၍ ငြိမ်းချမ်းတိုး တက်သော ခေတ်မှီတိုင်းပြည်ကြီး ပေါ်ထွန်းနိုင်မည်ဟု
စွဲမြဲစွာယုံကြည်သည်။
ခံယူချက်
ချင်းအမျိုးသားတပ်ဦးအနေဖြင့် လွတ်လပ်မှုနှင့်
အချုပ်အခြာအာဏာပိုင်ဆိုင်မှုတို့သည် ချင်းအမျိုးသားနှင့် ချင်းပြည်သူလူထုတို့၏ မူလအမျိုးသားရပိုင်ခွင့်
ဖြစ်သည်ဟု ခံယူထားသည်။ ၄င်းအပြင် ချင်းအမျိုးသားနှင့် ချင်းပြည်သူများ၏ စည်းလုံးညီညွတ်မှုသည်
ချင်းအမျိုးသားတပ်ဦး၏ အင်အားဖြစ်သည်ဟုခံယူထားသည်။ ယခုဆင်နွှဲနေသောစစ်ပွဲသည် အမျိုးသားအင်္ဂါရပ်များ
မတိမ်ကော မ ပပျောက်ရေးအတွက် အမျိုးသားခုခံရေးစစ်ပွဲနှင့် စစ်မှန်သော ငြိမ်းချမ်းမှုရရှိရေးအတွက်
ဆင်နွှဲနေသော စစ်ပွဲဖြစ်သဖြင့် တရား သောစစ်ကို ဆင်နွှဲနေသည်ဟု ခံယူထားသည်။
လမ်းစဉ်
ချင်းအမျိုးသားတပ်ဦးသည် တော်လှန်တိုက်ပွဲဝင်ရာတွင်
ယခုမိမိတို့နှင့် ရင်ဆိုင်နေရသောရန်သူသည် လက်နက်ကိုင် စစ်အုပ်စုများ ဖြစ်သည့်အလျောက်
မိမိတို့၏ရပိုင်ခွင့်အတွက် ခေတ်အဆက်ဆက် ငြိမ်းချမ်းစွာ တောင်းဆိုမှုများကို လက်နက်အားကိုးအကြမ်း
ဖက်သည့်နည်းဖြင့်သာ တုန့်ပြန်လေ့ရှိသဖြင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ကျင့်သုံးသည်။
တဖက်တွင် နိုင်ငံ ရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်း နည်းလမ်းကိုလည်း
အမြဲလက်ခံကျင့်သုံးသည်။ စစ်အုပ်စု သည် နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းနည်းလမ်းကို
ဥပေက္ခာပြုပြီး လက်နက်အားကိုးဖြင့် တိုင်းရင်းသား ပြည်သူများကို မတရားအကြမ်းဖက် တိုက်ခိုက်ခဲ့ကြသည်။
ထို့ကြောင့် အမျိုးသားပြည်သူများအနေဖြင့် မိမိကိုယ်ကို မိမိခုခံကာ ကွယ်ရန်အတွက် လက်နက်ကိုင်ရခြင်းဖြစ်သည်။
ဤသို့ လက်နက်စွဲကိုင်ရာတွင် စစ်ဖက်ဆိုင်ရာဂျီနီဗာ သဘောတူညီချက်ကို အခြေခံသော ချင်းအမျိုးသားတပ်ဦး၏
စစ်ဖက်ဆိုင်ရာ လမ်းညွှန်ဥပဒေကို တစိုက်မတ်မတ် ကျင့်သုံးလျက်ရှိသည်။
ထို့အပြင် ချင်းအမျိုးသားတပ်ဦးသည် လူတန်းစားတရပ်၊
ဘာသာယုံကြည်ချက်တခု၊ ဒေသတစိတ်တပိုင်း၊ အယူဝါဒ တမျိုးအတွက် တိုက်ပွဲဝင်ခြင်းမဟုတ်ပဲ
ချင်းပြည်သူတရပ်လုံး ရပိုင်ခွင့်အတွက် တိုက်ပွဲဝင်ခြင်းဖြစ်သည်။ ပြည်သူတရပ်လုံး ရပိုင်ခွင့်အတွက်
တိုက်ပွဲဝင်သည်နှင့်အညီ ပြည်သူ့တော်လှန်ရေးကို အခြေခံသောလမ်းစဉ်ကို ကိုင်စွဲထားသည်။
၎င်းအပြင် မြန်မာနိုင်ငံအတွင်း စစ် အုပ်စုဖြတ်ချရေးနှင့် တန်းတူရေး၊ ကိုယ်ကြမ္မာကိုဖန်တီခွင့်ရရှိရေးအပေါ်
အခြေခံသော စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီး ထူ ထောင်ရေးကို လိုလားသည့် မည်သည့်နိုင်ငံ၊
မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်နှင့် မဆိုနိုင်ငံရေးအရသော်လည်းကောင်း၊ စီးပွားရေးအရသော်
လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း အတူလက်တွဲ ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်သည်။
ချင်းအမျိုးသားတပ်ဦး
နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးလုပ်ငန်းစဉ်
၁၉၈၈ ခုနှစ်၊ မတ်လတွင် ချင်းအမျိုးသားးတပ်ဦးသည်
ချင်းအမျိုးသားတို့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့် ပြန်လည်ရရှိရေး၊ ဖက် ဒရယ် ပြည်ထောင်စုတည်ထောင်ရေးနှင့်
ဒီမိုကရေစီစနစ်ထွန်းကားရေးတို့အတွက် စတင်တိုက်ပွဲဝင်လာခဲ့သည်။ ၁၉၉၃ ခုနှစ်၊ ဇွန် လတွင်
ကျင်းပပြုလုပ်သည့် ပထမအကြိမ် ပါတီညီလာခံဆုံးဖြတ်ချက်အရ ချင်းအမျိုးသားတပ်ဦး၏ ရည်မှန်းချက်ပန်းတိုင်
ရောက် ရှိရေးအတွက် နိုင်ငံရေးအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို စတင်ချမှတ်ခဲ့ကြသည်။
၁၉၉၄ ခုနှစ်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရသည်
တပ်ဦးနှင့် အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးမှုများပြုလုပ် ရန် ဓမ္မဆရာများမှတဆင့် ကမ်းလှမ်းမှုပြုလုပ်လာခဲ့သည်။ ချင်းငြိမ်းချမ်းရေး အကျိုးတော်ဆောင်များမှတဆင့်
၁၉၉၆ ခုနှစ်၊ ၁၉၉၇ ခုနှစ်များတွင်၎င်း၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွဲ့ဖြိုးရေးအဖွဲ့
(နအဖ) စစ်အစိုးရနှင့် ၂၀၀၀ ခုနှစ်၊ ၂၀၀၃ ခုနှစ်၊ ၂၀၀၇ ခုနှစ် များတွင်၎င်း တွေ့ဆုံဆွေးနွေးရေးပြုလုပ်ရန်
အကြိမ်ကြိမ် ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း “လက်နက်နှင့်ငြိမ်း ချမ်းရေးလှဲလှယ် မည်”
ဆိုသည့် ကြိုတင်ကန့်သတ်ဘောင်ခတ်ထားမှုကြောင့် တွေ့ဆုံဆွေးနွေးမှု မပြုလုပ်နိုင်ခဲ့ပေ။
၂၀၀၇ ခုနှစ်၊ မတ်လ (၁၅-၁၆) ရက်နေ့များတွင်
ချင်းအမျိုးသားတပ်ဦးကိုယ်စားလှယ်များနှင့် စစ်အစိုးရကိုယ်စားလှယ်များ ချင်း ပြည်နယ်၊
ရိဒ်စခန်းတွင် ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်ခဲ့သော်လည်း သဘောတူညီချက် တစုံတရာမရရှိနိုင်ခဲ့ကြပေ။
၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်နေ့တွင် မြန်မာအစိုးရမှ ကြေညာချက်အမှတ် ၁/၂၀၁၁ ထုတ်ပြန်ကာ
ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် ပဏာမတွေ့ဆုံဆွေးနွေးရေးကိုပြည်နယ် အလိုက်ပြုလုပ်ရန်
ကမ်းလှမ်းမှုပြုလုပ်လာသည်။ ထို့ကြောင့် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်နေ့တွင် မြန်မာအစိုးရကိုယ်စားလှယ်နှင့်
ချင်းအမျိုးသားတပ်ဦးကိုယ်စားလှယ်များ ထိုင်း-မြန်မာ နယ်စပ်တွင် အလွတ်သ ဘောဆွေးနွေးမှုပြုလုပ်ခဲ့ကြသည်။
ထိုမှတဆင့် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရ၊
ပြည် နယ်အဆင့် တွေ့ဆုံဆွေးနွေးရေးအဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး၊ ငြိမ်းချမ်းရေးဆွေးနွေးရေးးအဖွဲ့တို့အကြား
အချက်(၉) ချက်ပါ သ ဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။ ၂၀၁၂ ခုနှစ်၊ မေလ
(၇)ရက်နေ့တွင် ပထမအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်း ချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး၊
ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့အကြား အချက် (၁၅) ချက်ပါ သဘောတူညီ ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။
ချင်းအမျိုးသားတပ်ဦးအနေဖြင့် ပြည်သူများ၏ နေ့တဓူဝ ခံစားနေကြရသော အစားဆင်း ရဲခြင်း၊
အဝတ်ဆင်းရဲခြင်းနှင့် အနေဆင်းရဲခြင်းများကို အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေးရန် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့
မြန်မာ နိုင်ငံ၏ အဓိကပြဿနာဖြစ်သည့် နိုင်ငံရေးပြသာနာများ ဖြေရှင်းနိုင်ရေးအတွက် ပြင်ဆင်မှုများလည်း
ပြည်သူလုထုတရပ်လုံးနှင့် အတူ ပြုလုပ်လျက်ရှိပေသည်။
တရားစီရင်ရေးအဖွဲ့
ချင်းအမျိုးသားတပ်ဦးသည် ချင်းအမျိုးသားတော်လှန်ရေး
အဆင်ပြေချောမွေ့စေရေး၊ အဖွဲ့အစည်းအတွင်း တရားဥပဒေ စိုးမိုးစေ ရေးနှင့် လွတ်လပ်စွာ တရားစီရင်နိုင်ရေးအတွက်
သီးခြားလွတ်လပ်သော တရားစီရင်ရေးအဖွဲ့ကို ၁၉၉၃ ခုနှစ်၊ ဇွန်လ၌ ဖွဲ့စည်း ခဲ့သည်။ ထို့အပြင်
စစ်အာဏာရှင်အောက်၌ နိုင်ထက်စီးနင်း တရားစီရင်ရေးစံနစ် ကြောင့်လည်းကောင်း၊ အဂတိလိုက်စားမှုနှင့် ပြည့်နှက်ပြီး ငွေများတရားနိုင်
တရားစီရင်ရေးစံနစ်ကြောင့်လည်းကောင်း၊ ချင်းပြည်သူလူထုများ တရားစီရင်ရေးတွင် အတိဒုက္ခ
ရောက်ကြရသည်။ ယင်းကြမ္မာဆိုးမှ လွတ်မြောက်နိုင်ရန်နှင့် ပြည်သူ့တရားပြည်သူက စီရင်နိုင်ရန်
တရားစီရင်ရေးအဖွဲ့က ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ တရားစီရင်ရာတွင် ချင်းအမျိုးသားတပ်ဦး
ဗဟိုတရားသူကြီးအဖွဲ့က အပြစ်ရှိသူသာ အပြစ်ဒဏ်ခံစေ၊ ကြီးသောအမှုငယ်စေ၊ ငယ်သောအမှုပပျောက်စေ၊
ပြစ်ဒဏ်ပေးရာတွင်လူ့ဂုဏ်သိက္ခာ ကျဆင်းစေသော ပြစ်ဒဏ်မျိုးမပေးရေး၊ နောက်ကြောင်းပြန် အမှုဖွင့်တရားစွဲစီရင်ခြင်းမပြုရေး၊
ဘက်လိုက်မှုမရှိဘဲ အမှန်တရားဖော်ထုတ်ရေး၊ တရားစီရင်ရာတွင် လူတိုင်း အတွက် ဥပဒေသည် အမြင့်ဆုံးဖြစ်ရေး၊
တရားစီရင်ရာတွင် တရားမျှတမှု၊ အမှန်တရားဖေါ်ထုတ်မှု၊ ဥပဒေစိုးမိုးမှု အဓိကမဏ္ဍိုင် ထားရှိရေးဟူသော
မူများ ထားရှိဆောင်ရွက်လျက်ရှိသည်။
ချင်းလဲန်အစိုးရ
ချင်းပြည်သူလူထု၏ ဆန္ဒဖြင့်ရွေးချယ်ထားသော
ပြည်သူ့ကိုယ်စားလှယ်များက ချင်းလဲန်အစိုးရကို ဖွဲ.စည်းခြင်းသည် ချင်းအမျိုး သားများ၏
မူလရပိုင်ခွင့်နှင့် ဒီမိုကရေစီအခွင့်အရေးပင် ဖြစ်သည်။ သို့သော် ယနေ့ ချင်းလဲန်နှင့်
ချင်းပြည်သူလူထုကို မင်းမူ အုပ် ချုပ်နေသော တော်လှန်ရေးကောင်စီ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံ တော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
စသည့် စစ်အာဏာရှင်အဆက်ဆက်၊ စစ်အုပ်စု၏ ချင်းပြည်နယ် စစ်အစိုးရများ သည် ချင်းပြည်သူလူထုမှ ရွေးချယ်တင်မြှောက်ခြင်း၊ အာဏာလွှဲအပ်ခြင်း၊
ပြည်သူလူထုကို ကိုယ်စားပြုခြင်းမရှိပဲ လက်နက်အား ကိုးဖြင့် ကိုလိုနီကျွန်ပြုကာ မတရားအုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။
အခြားတဖက်တွင် ချင်းပြည်သူလူထုတရပ်လုံး၏ အမျိုးသား အခွင့်အ ရေးအရ စီးပွားရေး၊ လူမှုရေးကဏ္ဌအသီးသီးတွင်
ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ချင်းလဲန်အတွင်း ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုး
မိုးရေးရှိလာစေရန်နှင့် မိမိတို့အမျိုးသားနယ်မြေကို မိမိတို့ကိုယ်တိုင် စီမံအုပ်ချုပ်နိုင်ရန်အတွက်
အစိုးရတရပ် လိုအပ်သည်နှင့်အညီ ချင်းအမျိုးသားတပ်ဦးသည် ချင်းလဲန်အစိုးရကို ၁၉၉၃ ခုနှစ်၊
ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့သည်။ ချင်းလဲန်အစိုးရသည် ချင်းအမျိုးသား တပ်ဦး၏ မူဝါဒလမ်းစဉ်များ၊
ဥပဒေများနှင့်အညီ အုပ်ချုပ်ရေးလုပ်ငန်းတာဝန်များကို စီမံဆောင်ရွက်ရန်ဖြစ်သည်။
ချင်းအမျိုးသားတပ်မတော်
ချင်းအမျိုးသားတပ်ဦးအနေဖြင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို
ရွေးချယ်ထားသည်နှင့်အညီ တော်လှန်ရေး စတင်သည် နှင့်တပြိုင်တည်း ချင်းအမျိုးသားတပ်မတော်ကိုလည်း
အောက်ပါရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သည်။
(က)
ချင်းအမျိုးသားများ၏ ပိုင်နက်နယ်မြေနှင့် အမျိုးသားရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်ရန်။
(ခ)
ချင်းပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ် စောင့်ရှောက်ရန်။
(ဂ)
အမျိုးသားတပ်မတော်၏ ဂုဏ်အင်္ဂါရပ်များနှင့် ပြည့်စုံသည့် တပ်မတော် တည်ဆောက်ရန်။
(ဃ)
ချင်းအမျိုးသားတပ်ဦး၏ မူဝါဒလမ်းစဉ်များကို ကာကွယ်စောင့်ရှောက်ရန်။
ချင်းအမျိုးသားတပ်မတော်သည် ချင်းအမျိုးသားတပ်ဦး၏
ရည်မှန်းချက်ပန်းတိုင်ဖြစ်သော ချင်းအမျိုးသားများ၏မူလ အမျိုးသားရ ပိုင်ခွင့်ဖြစ်သည့်
ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့် ပြန်လည်ရရှိရေးနှင့်ဒီမိုကရေစီအား ဆန့်ကျင်တားဆီးသည့်
မည်သည့်အင်အားစု ကိုမဆို တိုက်ထုတ်တွန်းလှန်သွားမည်ဖြစ်သည်။ ၄င်းအပြင် တပ်ဦး၏ လုပ်ငန်းစဉ်များ
အကောင်အထည်ဖေါ်နိုင်ရေး တာဝန်ကို လည်း ဆောင်ရွက်လျက်ရှိသည်။ ချင်းအမျိုးသားတပ်မတော်သည်
တရားသောစစ်ကို ဆင်နွှဲရာတွင် ချင်းအမျိုးသားတပ်မတော်၏ စစ်ဥပဒေအပြင် စစ်ဖက်ဆိုင်ရာ ဂျီနီဗာသဘောတူညီချက်ကို
အခြေခံသော ချင်းအမျိုးသားတပ်ဦး၏ စစ်ဖက်ဆိုင်ရာလမ်းညွှန် ဥပဒေကိုပါ စွဲမြဲစွာ လိုက်နာကျင့်သုံးနေပေသည်။
ချင်းအမျိုးသားတပ်မတော်သည် တပ်ဦး၏ ဦးဆောင်မှုကို ခံယူလိုက်နာသည့် အမျိုးသားတပ်မတော်ဖြစ်သည်နှင့်အညီ
တပ်ဦး၏ မူဝါဒလမ်းစဉ်မှ သွေဖယ်ခြင်းမရှိပဲ မှန်ကန်တိကျစွာ အမျိုးသားခုခံရေးစစ်ပွဲ၊
တရားသောစစ်ပွဲကို ဆင်နွှဲနေပေသည်။ တပ်ဦး၏လမ်းစဉ်သည် ပြည်သူ့တော်လှန်ရေးကို အခြေခံသော
လမ်းစဉ်ဖြစ်သည်နှင့်အညီ ချင်းအမျိုးသားတပ်မတော်သည် ပြည်သူကြားမှပေါက်ဖွားလာပြီး ပြည်သူ့အကျိုး
စီးပွားထမ်းရွက်နေသည့် ပြည်သူ့တပ်မတော် ဖြစ် သည်။ ချင်းအမျိုးသားတပ်မတော်သည် လူတန်းစားတရပ်၊
ဒေသအစိတ်အပိုင်းတခု၊ အယူဝါဒတမျိုးတည်းကိုသာ ကိုယ်စားပြု သည့် တပ်မတော်မဟုတ်ပဲ သမိုင်းပေးတာဝန်နှင့်
အမျိုးသားရေးတာဝန်ကို ထမ်းရွက်နေသည့် တပ်မတော် ဖြစ်သည်။
ပါတီတွင်းလှုပ်ရှားမှု
(က)
ညီလာခံကျင်းပခြင်း
ဒီမိုကရေစီရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့်
ချင်းအမျိုးသားများ၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့် ပြန်လည် ရရှိရေးတို့အတွက် တိုက်ပွဲဝင်နေသော
ချင်းအမျိုးသားတပ်ဦးအနေဖြင့် တိုးတက်ပြောင်းလဲနေသော ကမ္ဘာ့နိုင်ငံရေးနှင့် မြန်မာ့နိုင်
ငံရေး အခြေအနေများနှင့် သဟဇာတရှိရှိ အကောင်အထည်ဖော် လှုပ်ရှားသွားနိုင်ရန် တပ်ဦး၏ မူဝါဒများ၊
ဦးတည်ချက်များ ရှင်း လင်းပြတ်သားစွာချမှတ်ရန်
အထူးလိုအပ်ပေသည်။ ဤသို့ဖြင့် တပ်ဦး၏ ပထမအကြိမ်ပါတီညီလာခံကို ၁၉၉၃ ခုနှစ်၌သော်လည်း
ကောင်း၊ ဒုတိယအကြိမ်ပါတီညီလာခံကို ၁၉၉၇ ခုနှစ်၌် သော်လည်းကောင်း၊ တတိယအကြိမ် ပါတီညီလာခံကို
၂ဝဝ၃ ခုနှစ်၌ သော်လည်းကောင်း၊ စထုတ္ထအကြိမ်ပါတီညီလာခံကို ၂ဝဝ၈ ခုနှစ်၌သော်လည်းကောင်း၊
အရေးပေါ်ပါတီညီလာခံကို ၂၀၁၁ ၌သော် လည်းကောင်း အသီးသီး ကျင်းပခဲ့သည်။
(ခ)
တပ်ဦးဖွဲ့စည်းမှုပြောင်းလဲခြင်းနှင့်အဓိပတိကောင်စီ ဖွဲ့စည်းခြင်း
ချင်းအမျိုးသားတပ်ဦးသည် ၁၉၉၃ ခုနှစ်
ပထမအကြိမ်ပါတီညီလာခံသက်တမ်း၊ ၁၉၉၇ ခုနှစ် ဒုတိယအကြိမ် ပါတီညီလာခံ သက် တမ်း၊ ၂၀၀၃ ခုနှစ်
တတိယအကြိမ် ပါတီညီလာခံသက်တမ်းနှင့် ၂၀၀၈ ခုနှစ် စတုတ္ထအကြိမ် ပါတီညီလာခံ သက်တမ်းတလျှောက်
တပ်ဦး၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့်
ပါတီတည်ဆောက်ရေးနည်းဥပဒေအရ ချင်းအမျိုးသားတပ်ဦး ပါတီဝင်များကိုသာ အခြေခံပြီး ပါတီတည်ဆောက်ရေးလုပ်ငန်း၊
စည်းရုံးရေးလုပ်ငန်းများကို တာဝန်ပေးခန့်အပ်ခဲ့သည်။ သို့သော် ၂၀၁၁ ခုနှစ်၊ ဒီဇင် ဘာလ၌ ကျင်းပသော အရေးပေါ် ပါတီညီလာခံကျင်းပအပြီးတွင်မူ
တပ်ဦးပါတီဝင်များသာမက တပ်ဦး၏ ရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊
ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ပြန်လည်ရရှိရေးနှင့် ဒီမိုကရေစီရရှိရေးတို့ကို လက်ခံပြီး
အ ကောင်အထည်ဖော်လိုသော ချင်းအမျိုးသားတိုင်းကို အခြေခံပါဝင်လာစေကာ ပါတီတည်ဆောက်ရေးနှင့်
ချင်းအမျိုးသားစည်းလုံး ညီညွတ်ရေး အစရှိသဖြင့် ပါတီလုပ်ငန်းများကို ပါဝင်အကောင်အထည်ဖော်ဆောင်
လာခဲ့ကြသည်။ ဤသို့ဖြင့် ပါတီ နိုင်ငံရေးအဖွဲ့ အစည်းအသွင်မှ ချင်းတမျိုးသားလုံးဆိုင်ရာ
ချင်းအမျိုးသားနိုင်ငံရေး အဖွဲ့အစည်းအသွင်သို့ ပြောင်းလဲလာနိုင်ခြင်းသည် ချင်းအမျိုး
သားတပ်ဦး၏ ထူးခြားသော အမျိုးသားလှုပ်ရှားမှု မှတ်တိုင်တခု ဖြစ်သည်။
ထို့ကြောင့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍
အရေးပေါ်ပါတီညီလာခံ မကျင်းပမှီကတပ်ဦး၏ အဆင့်ဆင့်ဖွဲ့စည်းမှုမှာ အမြင့်ဆုံး ပါတီ ညီလာခံ၌ရှိပြီး
ညီလာခံတခုနှင့် တခုကြားကာလတွင် ပါတီဗဟိုကော်မတီ၊ ဗဟိုကော်မီတီတခုနှင့်တခု ကြားကာလတွင်
ပါတီဗဟို အလုပ်အမှုဆောင်ကော်မီတီနှင့် အဆင့်ဆင့်သော ကော်မီတီ/ကော်မရှင်များက သက်ဆိုင်ရာ
ကော်မီတီ/ကော်မရှင်များကိုယ်စား အာဏာ၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ရှိကြသည်။
သို့သော် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ အရေးပေါ်
ပါတီညီလာခံကျင်းပအပြီးတွင်မူ ပါတီ၏ အမြင့်ဆုံးအာဏာသည် ပါတီညီ လာခံ၊ ထိုမှ ဗဟိုကော်မီတီ၊
အဓိပတိကောင်စီ (Supreme Council)၊ ဗဟိုအလုပ်အမှုဆောင်ကော်မီတီနှင့် အဆင့်ဆင့်သော ကော်မီတီ/ကော်မရှင်များက
သက်ဆိုင်ရာအလိုက် ကိုယ်စားအာဏာတာဝန်နှင့် လုပ်ပိုင်ခွင့်များ ကျင့်သုံးလာပါသည်။
ဤသို့ Supreme Council ကိုဖွဲ့စည်းရာတွင်
ချင်းပြည်နယ်ကိုးမြို.နယ်မှ ကိုယ်စားလှယ်တဦးစီ၊ ထာဒို/ကူကီး၊ လူရှိုင်းနှင့်အရှို
ချင်း မျိုးနွယ်စုများမှ ကိုယ်စားလှယ် (၁) ဦးစီ၊ ချင်းအမျိုးသားတပ်ဦးအဖွဲ့ဝင်၊ ၀ါရင့်တော်လှန်ရေးသမားများအနက်မှ
(၃)ဦး၊ ချင်းတတ် သိပညာရှင်များအနက်မှ ကိုယ်စားလှယ် (၁) ဦး၊ အမျိုးသမီးကိုယ်စားလှယ်
(၁)ဦး၊ ဖွဲ့စည်းပုံအရ အထွေထွေအတွင်းရေးမှူးချုပ် (၁)ဦး၊ တွဲဖက်အထွေထွေ အတွင်းရေးမှူးချုပ်
(၃)ဦး တို့ပါဝင်သော အတွင်းရေးမှူးများအဖွဲ.တို့ပါဝင်သည့် စုစုပေါင်း (၂၁)ဦးဖြင့်
ဖွဲ့ စည်းထားသည်။ ၄င်းတို့ (၂၁) ဦးအနက်မှ တပ်ဦး၏ အလှည့်ကျဥက္ကဌ (၄) ဦးတို့ကို အချင်းချင်း
ညှိနှိုင်းရွေးချယ်စေကြပြီး ညီလာခံ မှအတည်ပြုပေးသည်။ အလှည့်ဥက္ကဌ၏ သက်တမ်းသည် (၁)နှစ်ဖြစ်သည်။
အဓိပတိကောင်စီ၏ အဓိကတာဝန်မှာ ဗဟိုအလုပ် အ မှုဆောင်ကော်မတီ၏ လုပ်ဆောင်မှုများအား ကြီးကြပ်ကွပ်ကဲ
လမ်းညွှန်မှု ပေးရန်ဖြစ်သည်။
(ဂ
) ဒေသကော်မီတီများ (Regional Committee) ဖွဲ့စည်းခြင်း
ချင်းအမျိုးသားတပ်ဦး၏ ပါတီတည်ဆောက်ရေးဆိုင်ရာ
စည်းမျဉ်းဥပဒေအရ ဒေသကော်မီတီ Regional Committee များကို နယ် စပ်ဒေသတွင်လည်းကောင်း၊
ပင်လယ်ရပ်ခြား တိုင်းပြည်များတွင်လည်းကောင်း အသီးသီးဖွဲ့စည်းကာ အမျိုးသားတော်လှန်ရေး
တာဝန်ကို ထမ်းရွက်နေကြသည်။ ယခုအခါ ခူမီးဒေသပါတီကော်မတီအပါအဝင် ဒေသပါတီကော်မတီပေါင်း
(၁၅) ခုကို နိုင်ငံ တကာတွင် တည်ဆောက်နိုင်ခဲ့ပြီးဖြစ်သည်။
(ဃ)
ချင်းပြည်သူ့ရေးရာကော်မတီ (Chin Public Affairs
Committee)
၁၉၉၄ ခုနှစ် ကုလသမဂ္ဂက မြန်မာနိုင်ငံရေးပြဿနာအား
ဖြေရှင်းနိုင်ရန် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲရေးမူ ချမှတ်ခဲ့သည့် နောက် ပိုင်း
ချင်းအမျိုးသားတပ်ဦးအနေဖြင့် ၄င်းသုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးမူ လက်ခံကျင့်သုံးလာရာ
မိမိတို့၏ အခြံအရံအဖွဲ့စည်းများ (Satellite Organizations)
ဖြစ်ကြသော Network
for Chin Communities Development
(NCCD), Chin Back Pack Health Worker
Team (CBPHWT), Public Health Care, Chin Youth Association, Village Education
Committees, Federation Trade Union of Chin (FTUC)
များကို စုစည်းပြီး ၂ဝဝ၂ ခုနှစ်၌ ချင်းပြည်သူ့ရေးရာကော်မတီ (Chin Public
Affairs Committee) ကို ဖွဲ့စည်းသည်။ မိမိတို့၏ ရည်မှန်းချက်ဖြစ်သည့်
ဒီမိုကရက်တစ် ချင်းလူ့ဘောင်သစ်အား ကျေးရွာကစပြီး တည် ဆောက်ရေးကို CPAC ကနေ တတ်အားသရွေ့ အကောင်အထည်ဖော်နေပါသည်။ ယခုအခါ ကျေးရွာအတော်များများတွင်
၎င်း ကျေးရွာအတွင်းရှိ လူငယ်အဖွဲ့အစည်း၊ ကျန်းမာရေးကော်မတီ၊ ပညာရေးကော်မတီ၊ ကျေးလက်ဖွံဖြိုးရေးအသင်း၊
ရပ်မိရပ်ဖများစ သည်တို့မှ ကိုယ်စားလှယ်များဖြင့် ကျေးရွာစည်းမျဉ်းဥပဒေ (village by
law) များကို အသီးသီး ရေးဆွဲပြဌါန်း၍သော်လည်း ကောင်း၊ ထိုမှတဆင့်တက်ပြီး
အုပ်စုစည်းမျဉ်းဥပဒေများ ရေးဆွဲပြဌါန်း၍သော်လည်းကောင်း မိမိတို့၏ မူလအခွင့်အရေးဖြစ်သည့်
ကိုယ်ပိုင်ပြဌါန်းခွင့်နှင့် ဒီမိုကရေစီစနစ်ထွန်းကားရေးကို ကျေးလက်လူထုကိုယ်တိုင်က
စတင်အကောင်အထည်ဖော်လျက် နေကြ သည်။
(
င) မဟာမိတ်ရေးရာ
(က)
အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (National Democratic Front- NDF)
တန်းတူရေးနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်
ပြန်လည်ရရှိရေးကိုအခြေခံ၍ ဒီမိုကရေစီစံနစ်ကိုကျင့်သုံးသော တိုင်းရင်းသားလူမျိုး များနှင့်ကိုက်ညီသည့်
ဖက်ဒရယ်ပြည်ထောင်စုကိုတည်ထောင်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၇၆ ခုနှစ်တွင် ဗမာမပါသည့် တိုင်းရင်းသား
ပေါင်းစုံမှ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုကို ဖွဲ့စည်းခဲ့သည်။ ချင်းအမျိုးသားတပ်ဦးသည်
တပ်ပေါင်းစုဖြင့် အောင်ပွဲခံရမည်ဟူ သော သဘောထားရှိသည်နှင့် တပ်ပေါင်းစုအဖွဲ့ဝင်ဖြစ်ခဲ့ပြီး
တပ်ပေါင်းစု၏ ရည်ရွယ်ချက်နှင့်အညီ အကောင်အထည်ဖေါ်နိုင်ရန် အတွက် တတပ်တအား ပါဝင်တိုက်ပွဲဝင်လျက်ရှိသည်။
တပ်ပေါင်းစုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအင်အားစုနှင့်
လက်တွဲ၍သော်လည်းကောင်း၊ အပြန်အလှန်အထောက်အကူပြု၍ သော်လည်းကောင်း၊ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းသွားသည့်အထိ
တိုက်ပွဲဝင်သွားရန် အခိုင်အမာ သဓိဋ္ဌာန် ချထားပေသည်။
(ခ
) မြန်မာပြည် ဒီမိုကရေတစ် မဟာမိတ်အဖွဲ့ချုပ် (Democratic Alliance of Burma-DAB)
အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊
ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးဟူသော ရည်ရွယ်ချက်ဖြင့်
မြန်မာပြည် ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်ကို ချင်းအမျိုးသားတပ်ဦးအပါအဝင် တိုင်းရင်းသား
အင်အားစုများ၊ ဒီမိုကရေစီအင်အားစုများဖြင့် ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့တွင်
ဖွဲ့စည်းခဲ့သည်။ မြန်မာပြည်မဟာမိတ် အဖွဲ့ချုပ်သည် ပိုမိုကျယ်ပြန့်စွာ ဖွဲ့စည်းထားသည်နှင့်အညီ
စစ်အာဏာရှင်ဖြုတ်ချရေးအတွက် တတ်နိုင်သည့်ဖက်မှ ကြိုးပမ်းလှုပ် ရှားလျက်ရှိနေပေသည်။
(ဂ) စစ်ရေးမဟာမိတ်အဖွဲ့
(Military Alliance- MA)
၁၉၉၉
ခုနှစ်၊ ဇွန်လ (၁၃)ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်တနေရာ၌ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ
(ALP)၊ ချင်းအမျိုးသား တပ် ဦး (CNF)၊ ကရင်နီတိုးတက်ရေးပါတီ (KNPP)၊ နှင့် ရှမ်းပြည်
ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တို့ တွေ့ဆုံခဲ့ကြပြီး အချက် (၇)ချက်ပါ သဘောတူညီချက်တရပ်ကို
လက်မှတ်ရေးထိုးကာ စစ်ရေးမဟာမိတ်အဖွဲ့ကိုဖွဲ့စည်းခဲ့ကြသည်။ ယင်းသို့ ဖွဲ့စည်းရခြင်းမှာ
ALP, CNF, KNU တို့သည် အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (NDF) အဖွဲ့ဝင်များဖြစ်ကြသော်လည်း
KNPP, RCSS တို့သည် တပ် ပေါင်းစုတွင်မပါသော သီးခြားလူမျိုးအဖွဲ့အစည်းများ ဖြစ်ကြသောကြောင့်
စစ်ရေးအရ ပူးပေါင်းခြင်းအားဖြင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရာတွင် အင်အားကောင်းတရပ်ဖြစ်မည်ဟု
ယုံကြည်သောကြောင့် ဖြစ်သည်။ ယခုအခါ UNFC ထွက်ပေါ်လာပြီးဖြစ် သော်လည်း ALP နှင့်
RCSS တို့သည် UNFC အဖွဲ့ဝင်များမဟုတ်သေးခြင်းကြောင့် စစ်ရေးမဟာမိတ်အဖွဲ့သည် အရေးပါလျက်ရှိ
နေပေသည်။
(ဃ)
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (National Council of Union of
Burma-NCUB)
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့
(နဝတ) သည် ၄င်းတို့ဦးစီးကျင်းပသော ၁၉၉ဝ ခုနှစ် အထွေထွေရွေးကောက်ပွဲ တွင် အနိုင်ရပါတီများအား
အာဏာလွှဲပြောင်းခြင်းမပြုသည့်အပြင် ဖိအားပေးနှိမ်နင်းခဲ့သဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
အချို့တို့သည် လွတ်မြောက်နယ်မြေသို့ ထွက်ပြေးရောက်ရှိလာခဲ့ကြပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်
အမျိုးသားညွန့်ပေါင်းအစိုးရ ကို ၁၉၉ဝ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ထို့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ
အဖွဲ့ဝင်တချို့သည်လည်း စစ်အစိုးရ၏ ဖိအားပေး နှိမ်နင်းခြင်းခံခဲ့ကြရသဖြင့် လွတ်မြောက်နယ်မြေသို့
ထွက်ပြေးရောက်ရှိလာခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( လွတ်မြောက် နယ်မြေ) ကို
ဖွဲ့စည်းခဲ့ကြသည်။ ၁၉၉၂ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု၊ မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်
အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားညွန့်ပေါင်းအစိုးရ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ) တို့ စုပေါင်း၍ စစ်အာဏာရှင်တိုက်ဖျက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊
ဒီမိုကရေစီရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရည် ရွယ်၍ ပြည်ထောင်စုမြန်မာနိုင်ငံ
အမျိုးသားကောင်စီကို ဖွဲ့စည်းခဲ့သည်။ ချင်းအမျိုးသားတပ်ဦးသည် အမျိုးသားဒီမိုကရေစီ
တပ် ပေါင်းစုနှင့် မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်တို့၏ အဖွဲ့ဝင်အနေဖြင့်
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီတွင် ပူးပေါင်းပါဝင် တိုက်ပွဲဝင်လျက်ရှိသည်။
၁၉၉၆ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ အဖွဲ့ဝင်ပြည်သူ့
ကိုယ်စားလှယ်အမတ်များနှင့် လွတ်မြောက်နယ်မြေသို့ ထပ်မံရောက်ရှိလာကြသော ပြည်သူ့ ကိုယ်စားလှယ်အမတ်များ
ပူးပေါင်း၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့များကို ဖွဲ့စည်းခဲ့သဖြင့် ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံ
အမျိုးသားကောင်စီကို အမျိုး သား ဒီမိုကရက်တစ်တပ်ပေါင်းစု၊ မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ် မြေ)နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ဖြင့်
ဖွဲ့စည်းသည်။
(င)
တိုင်းရင်းသားလူမျိုးများ ကောင်စီ (Ethnic Nationalities Council-ENC))
ယနေ့ မြန်မာပြည်၏ နိုင်ငံရေးတောင်းဆိုမှုအရ
မိမိတို့တိုင်းရင်းသားလူမျိုးများ၏ စုစည်းညီညွတ်သောအသံ (One Ethnic Voice) သို့ဦးတည်နိုင်စေရန်
အခြေခံစုဖွဲ့မှုဖြစ်သော တိုင်းရင်းသားလူမျိုးများကောင်စီကို အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု၊
၁၉၉ဝ ခုနှစ် အ ထွေထွေရွေးကောက်ပွဲတွင် အနိုင်ရ တိုင်းရင်းသားနိုင်ငံရေးပါတီများပါဝင်သော
ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) UNLD/LA၊
အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစုတွင်သော်လည်းကောင်း၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ
ဒီမိုကရေစီအဖွဲ့ချုပ်တွင် သော်လည်းကောင်း၊ မပါဝင်သည့် တိုင်းရင်းသားနိုင်ငံရေးပါတီ/အဖွဲ့အစည်း
တဖွဲ့ချင်းစီကိုအခြေခံ၍ ၂ဝဝ၄ ခုနှစ်၊ ဇန္နဝါရီလတွင်ပြုလုပ်ခဲ့သော တိုင်းရင်းသားနှီးနှောဖလှယ်ပွဲ
ဆုံးဖြတ်ချက်အရ ၂၀၀၄ ခုနှစ်၊မတ်လတွင် စတင်ဖွဲ့စည်းခဲ့သည်။ ၂ဝဝ၅ ခုနှစ်၊ ဧပြီလ (၂၈)မှ
မေလ (၁) ရက်နေ့အထိ ကျင်းပခဲ့သော (၄)ကြိမ်မြောက် တိုင်းရင်းသားနှီးနှောဖလှယ်ပွဲတွင်
ပြည် နယ်ကိုအခြေခံ၍ တိုင်းရင်းသားလူမျိုးများကောင်စီကို ဖွဲ့စည်းရန် ဆုံးဖြတ်ချက်ချမှတ်ပြီး
ယခုအခါ ပြည်နယ်ကိုအခြေခံ၍ တိုင်းရင်း သားလူမျိုးများကောင်စီ (ENC) ကို ဖွဲ့စည်းထားသည်။
ချင်းပြည်နယ်မှ ကိုယ်စားလှယ် (၅)ဦး စေလွှတ်ပြီး တိုင်းရင်းသားလူမျိုးများ ကောင်စီ၏
မူဝါဒလုပ်ငန်းစဉ်များကို စွမ်းစွမ်းတမံ အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိကြသည်။ ဤလှုပ်ရှားမှုတွင်တပ်ဦး
သည်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်လှုပ်ရှားလျက်ရှိသည်။
(စ
) တိုင်းပြည်နှင့်လူမျိုး ကိုယ်စားပြုခြင်းမရှိသော အဖွဲ့ (Un-represented Nations
and Peoples Organization-UNPO)
UNPO (Un-represented Nations and
Peoples Organization) ကို အပြည်ပြည်ဆိုင်ရာ လူ့အသိုင်းအဝိုင်းကြီးတွင် ကိုယ်စား ပြုမှု
အားနည်းနေသေးသော အမျိုးသားများနှင့် လူမျိုးများက ၁၉၉၁-ခုနှစ်တွင် စုပေါင်းဖွဲ့စည်းခဲ့ကြသည်။
အဖွဲ့အစည်းသည် မိမိတို့ ၏ လိုအင်ဆန္ဒများကို ငြိမ်းချမ်းစွာအဖြေရှာရေးနည်းလမ်းဖြင့်
အကောင်အထည်ဖေါ်ကြသည်။ အမျိုးသားများနှင့် လူမျိုးပေါင်း (၇ဝ) နီးပါး၊ လူဦးရေအားဖြင့်
သန်းပေါင်း (၁ဝဝ) ကျော်ကို ကိုယ်စားပြုသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းကြီးတခုဖြစ်သည်။
ချင်းအမျိုးသားတပ်ဦးသည်လည်း ၂ဝဝ၁ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လှုပ်ရှားလာခဲ့သည်။
(ဆ) ချင်းအမျိုးသားများစုရပ် (Chin
Forum)
၁၉၉၈ ခုနှစ်တွင် ချင်းအမျိုးသားတပ်ဦးက
ဦးဆောင်ဦးရွက်မှုပြု၍ ချင်းအမျိုးသားများစုရပ်ကို ဖွဲ့စည်းခဲ့သည်။ ဤအဖွဲ့အစည်း၏ ထူးခြားချက်မှာ
နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းများအပေါ် အခြေခံ၍ ဖွဲ့စည်းထားခြင်းမျိုးမဟုတ်ပဲ လူပုဂ္ဂိုလ်အသီးသီးအပေါ်
အခြေခံ၍ ဖွဲ့စည်းထားပေရာ အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုတွင် နိုင်ငံရေးဦးဆောင်မှုနှင့်
ပေါ်လစီဆိုင်ရာချမှတ်ခြင်းများ မဖြည့်စွမ်းနိုင်သော အားနည်းချက်များ ရှိခဲ့သည်။ ထို့ကြောင့်
ချင်းအမျိုးသား နိုင်ငံရေးစုရပ်တခုအဖြစ် မရပ်တည်နိုင်ခြင်းဖြစ်သည်။ သို့သော်ငြားလည်း
၎င်း၏ လှုပ်ရှားမှုဖြစ်သည့် ချင်းပြည်နယ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်းရေးဆွဲခြင်း၊
တယ်လီကော်မြူနီကေးရှင်း ကွန် ယက် ဖွဲ့စည်းဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံတကာမှ ချင်းဖိုရမ်အဖွဲ့ဝင်များ
အခါအားလျော်စွာ တွေ့ဆုံကြပြီး ချင်းရေးရာဆိုင်ရာကိစ္စများ ကို ဆွေးနွေးဆုံးဖြတ် အကောင်ထည်ဖော်ကြခြင်းစသည့်
လှုပ်ရှားမှုများကြောင့် ချင်းအမျိုးသားတို့၏ အမျိုးသားစည်းလုံးညီညွတ် ရေးကို တစုံတရာတည်ဆောက်နိုင်ခဲ့သည်။
(ဇ) ချင်းအမျိုးသားကောင်စီ (Chin
National Council-CNC)
အမျိုးသားရေးအတွက် တော်လှန်တိုက်ပွဲဝင်နေကြသော
ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ)၊ မရာ ပြည်သူ့ပါတီ
(လွတ်မြောက်နယ်မြေ)၊ ဇိုမီးအမျိုးသားကွန်ကရက်
(လွတ်မြောက်နယ်မြေ)များနှင့် လူထုအခြေပြုအဖွဲ့စည်း (၁၉)ဖွဲ့မှ ကိုယ်စားလှယ်များသည်
ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့် ချင်းတမျိုးသားလုံး
သွေးစည်းညီ ညွတ်ရေးအပါအဝင် နိုင်ငံရေးအရတူညီသော ဘုံရည်မှန်းချက်နှင့် မဟာဗျူဟာအပေါ်
စုစည်းနိုင်ရေးအတွက် ၂ဝဝ၄ ခုနှစ်အတွင်း ဝိတိုရိယစခန်းတွင် တွေ့ဆုံကာ ချင်းနှီးနှောဖလှယ်ပွဲ
(Seminar on Chin Consensus Building) အောင်မြင်စွာ
ကျင်းပခဲ့သည်။ ယင်းနှီးနှောဖလှယ်ပွဲက ချင်းတမျိုးသားလုံးသွေးစည်းညီညွတ်ရေးနှင့် လတ်တလောနိုင်ငံရေးပြဿနာများ
စုပေါင်း အဖြေရှာနိုင် ရေးအတွက် ချင်းလဲန်နိုင်ငံရေးရေးရာကော်မတီ (Political Affairs Committee of
Chinland-PACC) အား အမျိုးသား နိုင်ငံရေးပါ
တီအဖွဲ့အစည်း (၄)ခုကို အဓိကမဏ္ဍိုင်ပြု၍ ဖွဲ့စည်းသည်။ ၄င်းဆဲမီနာက ချင်းအမျိုးသား နိုင်ငံရေးပါတီများနှင့်
လူထုအခြေပြုအဖွဲ့ အစည်းများ အမျိုးသားရေးတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ချင်းတမျိုးသားလုံး
သွေးစည်းညီညွတ်ရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင် ရေး အတွက် ချင်းအမျိုးသားညီလာခံ (Chin National Assembly) အား(၂)နှစ် တကြိမ်ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။
ယင်းဆုံးဖြတ်ချက်အတိုင်း ပထမအကြိမ် ချင်းအမျိုးသားညီလာခံကို ၂ဝဝ၆-ခုနှစ်၊ မေလအတွင်း
Mount Sinai
ဆိုင်းနိုင်းစခန်းတွင် ကျင်းပပြီး PACC ကို ချင်းအမျိုးသားကောင်စီ သို့ ပြောင်းလဲဖွဲ့စည်းခဲ့သည်။
ဒုတိယအကြိမ်ချင်းအမျိုးသား ညီလာခံကို ကို ၂၀၀၉ ခုနှစ် နိုဝင်ဘာလ (၁၈-၂၀) တွင် အိန္ဒိယ-
မြန်မာနယ်စပ် တနေရာတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ထိုညီလာခံမှ ချင်းအမျိုးသားကောင်စီ
ဖွဲ့စည်းရာတွင် အမျိုးသားနိုင်ငံရေး၊ ပါတီကိုအခြေခံပြီး ဖွဲ့စည်းခဲ့ခြင်းကို ပြန်လည်သုံးသပ်ပြီး
Chin Civil Society Network – CCSN, Chin Student and Youth Federation- CSYF နှင့်
Women league of Chinland- WLC တို့အပါအ၀င် ထောက်တိုင် (၇) တိုင်ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။
ချင်းအမျိုးသားရေးတည်ဆောက်မှု သမိုင်းတကွေ့တွင် အလွန်အရေးပါသည့် အောင်မြင်မှုတရပ်ဖြစ်သည်။
ချင်းအမျိုးသားကောင်စီ၏ညီလာခံကို (၄)နှစ်တကြိမ် ကျင်းပရန် ဆုံးဖြတ်ခဲ့ သည်။ ထိုကောင်စီ၏
ရည်ရွယ်ချက်များမှာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ အမျိုးသားလွတ်မြောက်ရေးနှင့် ကိုယ့်ကြမ္မာကိုယ်
ဖန်တီးခွင့်ပြန်လည်ရရှိရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ချင်းအမျိုးသားများ၏
နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချင်းအမျိုးသားအားလုံး သွေးစည်းညီညွတ်ရေး
အကောင်ထည်ဖေါ်ဆောင်ရွက်ရေး တို့ဖြစ်သည်။ ချင်းအမျိုးသားကောင်စီသည်
ဒီမိုကရေစီထွန်းကား ရေးဆိုင်ရာနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာပညာပေး လုပ်ငန်းများ
လုပ်ဆောင်လျက်ရှိသည်။
(ဈ) ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ
(United Nationalities Federal Council-UNFC)
၂၀၁၀-ခုနှစ်
ဇန်န၀ါရီလ(၂၈)ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများကောင်စီ (ENC) မှ ကမကထပြု၍ ကချင်ပြည်
လွတ်လပ်ရေး တပ်မတော်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် ချင်းအမျိုးသားတပ်မတော်
တို့သည် ၎င်း၊၂၀၁၀ခုနှစ် မေလ(၂၃) ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီတိုးတက်ရေးပါတီ(KNPP)၊
ကချင်ပြည်လွတ်လပ်ရေး အဖွဲ့(KIO)၊ ချင်းအမျိုးသားတပ်ဦး(CNF)
နှင့် မွန်ပြည်သစ်ပါတီ (NMSP)တို့တွေ့ ဆုံခဲ့ကြပြီး “တိုင်းရင်းသားလူမျိုးများသဘော
တူညီချက်” တရပ်ကိုသဘောတူလက်မှတ်ထိုးနိုင်ခဲ့ကြသည်။ ထိုသဘောတူညီချက်တွင် (က) ပင်လုံစိတ်ဓါတ်
ပြန်လည်တည်ဆောက်ခြင်း ဆိုင်ရာများ(ခ) ပြည်ထောင်စုမြန်မာနိုင်ငံပြန်လည်တည်ထောင်ခြင်းဆိုင်ရာကိစ္စရပ်များ၊
(ဂ) ဦးတည်ချက်များ ပါဝင်သည်။
ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးကော်မီတီ
ကို ၂၀၁၀ ခုနှစ် စက်တင်ဘာလ (၂၆)ရက်နေ့နှင့် နိုဝင်ဘာလ (၂-၄) ရက်နေ့များ တွင်ပြုလုပ်သည့်
KIO, KNU, NMSP, CNF, KNPP နှင့် SSPP အစည်းအဝေးများမှ တိုင်းရင်းသားလူမျိုးစုများ
ညီညွတ်စွာဖြင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုရေးကို အရှိန်အဟုန် တိုးမြှင့်ရေး အတွက်
နိုင်ငံရေးအရ စုစည်းမှုပြု လုပ်ရန်နှင့် ခိုင်မာသော စစ်ရေးမဟာမိတ် တည်ဆောက်၍ စစ်ရေးအရ
ပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်ရေးအတွက် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
၂၀၁၁ခုနှစ်၊
ဖေဖော်ဝါရီလ (၁၂-၁၆)ရက်နေ့များတွင်ကျင်းပခဲ့သည့် တိုင်းရင်းသားလူမျိုးများညီလာခံ မှ
ညီညွတ် သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ကို အဖွဲ့ဝင်(၁၂)ဖွဲ့ဖြင့်
ဖွဲ့စည်းခဲ့ကြသည်။ UNFC တွင် ပါဝင်ကြသည့် အဖွဲ့အစည်းအားလုံးလိုလိုသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြပြီး
အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF)တွင် ပါဝင်ခဲ့ကြသည့် အပစ်ရပ်နှင့်အပစ်မရပ်အဖွဲ့များဖြစ်ကြသည်။
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ၏
ရည်ရွယ်ချက်များမှာ၊(၁) စစ်မှန်သောတိုင်းရင်းသား စည်းလုံး ညီညွတ်မှုကိုတည်ဆောက်ရန်၊
(၂) အဓွန့်ရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို
တည်ဆောက်ရန်၊(၃) စစ်မှန်သော ပါတီစုံ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ရန်၊(၄)တိုင်းရင်းသားလူမျိုးများ
အားလုံးထာဝစဉ် ငြိမ်းချမ်းစွာ အတူယှဉ်တွဲပူး ပေါင်းနေထိုင်သွား နိုင်ရန်အတွက် တရားမျှတမှု၊
လွတ်လပ်မှု၊ တန်းတူမှုရှိသော ဖက်ဒရယ် ပြည်ထောင်စု ကိုတည်ဆောက် ရန်တို့ဖြစ်သည်။ UNFC ၏
ဦးတည်ချက်အဖြစ် “အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌါန်းခွင့်ရှိသည့် စစ်မှန်သောဖက်ဒရယ်
ပြည်ထောင်စုတည် ဆောက်ရေး”ကို ချမှတ်ခဲ့သည်။
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီသည် စစ်မှန်သောပြည်နယ်ပေါင်းစု
ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံ ဖော်ဆောင်ရေးအတွက်ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ပြည်နယ်များနှင့်
တိုင်းရင်းသားလူမျိုးတို့၏ရသင့်ရ ထိုက်သောတန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌါန်းခွင့်ရရှိရေးအတွက်
တိုင်းရင်းသားလူမျိုးများနှင့်အတူခုခံတော်လှန် စစ်ကိုဆက် လက်ဆင်နွဲသွားမည်ဖြစ်သည်။
ထိုသို့နိုင်ငံရေးတိုက်ပွဲ၊ စစ်ရေးတိုက်ပွဲများဆင်နွဲရာတွင် UNFC အနေဖြင့် တိုင်းရင်းသား
လူမျိုးများ အားလုံးကိုကိုယ်စားပြုနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။
(ည) Geneva
Call
Geneva Call သည် ချင်းအမျိုးသားတပ်ဦးအား
၁၉၄၉-ခုနှစ် ဂျီနီဗာသဘောတူညီချက်နှင့် အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့်အညီ တတ်နိုင်တမျှ
လှုပ်ရှားနေသောအဖွဲ့အဖြစ် အသိအမှတ်ပြုကာ လူသတ်မိုင်းပပျောက်ရေး သဘောတူညီချက်ကို ဆွိဇာလန်နိုင်ငံ၊
ဂျီနီဗာမြို့၌ Geneva Call နှင့် ချင်းအမျိုးသားတပ်ဦးတို့ကြား ၂ဝဝ၆-ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့တွင် လက်မှတ်ရေးထိုးကြသည်။
၎င်းသဘောတူညီချက်အပေါ် ချင်းအမျိုးသားတပ်ဦးမှ
အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် မြေမြှပ်မိုင်း တိုက်ဖျက် ရေးကို သော်လည်းကောင်း၊
ကလေးစစ်သားနှင့် လက်နက်ကိုင်ပဋိပက္ခတွင် လိင်ပိုင်းဆိုင်ရာခွဲခြားဆက်ဆံမှုနှင့် ကျား/မ
ခွဲခြားဆက်ဆံခြင်းကို ဂျီနီဗာက တောင်းဆိုမှု (Geneva Call) ပြဌာန်းချက် သဘောတူ လက်မှတ်ကို ၂၀၁၄ ခုနှစ်တွင် လည်း
ကောင်း သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။
နိဂုံး။
ပြည်ထောင်စု မြန်မာနိုင်ငံ၏ အရင်းခံပြဿနာမှာ
ဒီမိုကရေစီဆိတ်သုဉ်းမှုနှင့် ဗမာမဟုတ်သောအခြားတိုင်းရင်းသားတို့၏ အမျိုးသားရပိုင်ခွင့်
အခွင့်အရေးဆုံးရှုံးမှုတို့ဖြစ်သည်။ ဤပြဿနာ နှစ်ရပ်ကြောင့် ယနေ့အထိ ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွား
နေရခြင်းဖြစ်သည်။ သို့ဖြစ်၍ တိုင်းရင်းသားအရေးနှင့် ဒီမိုကရေစီအရေး ပြဿနာနှစ်ရပ်ကို
တပြိုင်တည်းဖြေရှင်း ရမည်ဖြစ်သည်။ ဤအရင်းခံပြဿနာနှစ်ရပ်သည် နိုင်ငံရေးပြဿနာဖြစ်သဖြင့်
နိုင်ငံရေးနည်းဖြင့် အဖြေရှာဖြေရှင်းမှသာ ယနေ့ရင်ဆိုင်နေရသည့် ပြည်တွင်းစစ်လည်း ချုပ်ငြိမ်းပြီး
စစ်မှန်သောငြိမ်းချမ်းရေးနှင့် အမျိုးသားအချင်းချင်းအကြား သင့်မြတ်ရေးကို တည်ဆောက်နိုင်
မည်ဖြစ်ပေသည်။
ချင်းအမျိုးသားတပ်ဦး၊
သတင်းနှင့်ပြန်ကြားရေးဌါနမှ မေလ၊ ၂၀၁၂ခုနှစ်တွင် ထုတ်ဝေဖြန့်ချိသည်။
No comments:
Post a Comment