Donald
Trump ကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းအပြည့်အစုံ
~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~
တရားသူကြီးချုပ်
ရောဘတ်စ်၊ သမ္မတ ကာတာ၊ သမ္မတ ကလင်တန်၊ သမ္မတ ဘုရှ်၊ သမ္မတ အိုဘားမား၊ ရောင်းရင်း
အမေရိကန်များနဲ့ ကမ္ဘာ့ပြည်သူများခင်ဗျား။
အခုအချိန်မှာ
ကျနော်တို့ အမေရိကန်နိုင်ငံသားတွေဟာ တိုင်းပြည်ပြန်လည်တည်ဆောက်ရေး နဲ့ ကျနော်တို့
ပြည်သူအားလုံးကို ပေးထားတဲ့ကတိ ပြန်လည်ဖော်ဆောင်ရေးအတွက် ကြီးကျယ်တဲ့
ပြည်လုံးကျွတ် အားထုတ်မှုတရပ်ကို ပူးပေါင်း ပါဝင်နေကြတာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံနဲ့ ကမ္ဘာကြီးအတွက် လာမယ့်နှစ်တွေမှာ ဘယ်လို ရှေ့ကို ချီတက်သွားမယ် ဆိုတဲ့
လမ်းကြောင်းကို ကျနော်တို့ အတူတကွ ချမှတ်ရပါလိမ့်မယ်။ ကျနော်တို့ဟာ
စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမယ်၊ အခက်အခဲတွေနဲ့ ကြုံတွေ့ရမယ်။ ဒါပေမဲ့ ကျနော်တို့ဟာ
ကျနော်တို့အလုပ်ကို ပြီးအောင် ဆောင်ရွက် သွားကြမှာ ဖြစ်ပါမယ်။
လေးနှစ်တစ်ကြိမ်
ကျနော်တို့ဟာ ဒီလှေကားထစ်တွေပေါ်မှာ စုရုံးကြပြီးတော့ စည်းကမ်း သေ၀ပ်ပြီး၊
ငြိမ်းချမ်းတဲ့ အာဏာလွှဲပြောင်းမှုကို လုပ်ဆောင်ကြပါတယ်။ ဒီနေရာမှာ သမ္မတ
အိုဘားမားနဲ့ သမ္မတ ကတော် မီရှဲ အိုဘားမားတို့ကို ဒီအာဏာလွှဲပြောင်းရေးအတွက်
တောက်လျှောက် စိတ်ရော၊ ကိုယ်ပါ ကူညီခဲ့ကြတဲ့အတွက် ကျနော်တို့ ကျေးဇူးတင်ရှိပါတယ်။
သူတို့ဟာ အင်မတန် ထူးခြားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။
ဒီနေ့
အခမ်းအနားဟာ အင်မတန် ထူးခြားတဲ့ အဓိပ္ပါယ် ရှိနေပါတယ်။ ဘာကြောင့်လဲဆိုရင်
ကျနော်တို့ဟာ အစိုးရတရပ်ဆီက အာဏာကို နောက်အစိုးရတရပ်ဆီ လွှဲပြောင်းတာ မဟုတ်ပါ ဘူး။
နိုင်ငံရေး ပါတီတခုဆီက နောက်ပါတီတခုဆီကို လွှဲပြောင်းပေးတာ မဟုတ်ပါဘူး။
ဝါရှင်တန်ဒီစီမြို့တော်က အာဏာကို ခင်ဗျားတို့ဆီ၊ အမေရိကန်လူထုဆီ ပြန်လည်
လွှဲပြောင်းတာ ဖြစ်လို့ပါပဲ။ ကာလအတန်ကြာသည်အထိ ၀ါရှင်တန်မြို့တော်မှာရှိတဲ့
လူနည်းစု တစုက အစိုးရရဲ့ အကျိုးအမြတ်တွေကို သိမ်းဆည်းရယူနေခဲ့ကြပြီး ကျန်
ပြည်သူတရပ်လုံး ကတော့ ဒီအတွက် ပေးဆပ်နေခဲ့ရတာသာ ဖြစ်ပါတယ်။
ဝါရှင်တန်မြို့တော်ဟာ
ဖွံ့ဖြိုး ကြီးပွားခဲ့တယ်။ ဒါပေမဲ့ ဒီချမ်းသာကြွယ်ဝမှုကို ပြည်သူလူထု
မခံစားခဲ့ရပါဘူး။
နိုင်ငံရေးသမားတွေ
ကြီးပွားတယ်၊ ဒါပေမဲ့ အလုပ်အကိုင်တွေ ဆုံးရှုံးသွားတယ်၊ စက်ရုံတွေ ပိတ်ထားခဲ့ရတယ်။
အာဏာရှိ
အသိုင်းအ၀ိုင်းက သူတို့ကိုယ်သူတို့ ကာကွယ်ကြတယ်။ ဒါပေမဲ့ ကျနော်တို့
နိုင်ငံသားတွေကတော့ အကာအကွယ် မရခဲ့ပါဘူး။
သူတို့ရဲ့
အောင်မြင်မှုတွေဟာ ခင်ဗျားတို့ရဲ့ အောင်မြင်မှုတွေ မဟုတ်ခဲ့ပါဘူး။ သူတို့ရဲ့
အောင်ပွဲများဟာ ခင်ဗျားတို့ရဲ့ အောင်ပွဲများ မဖြစ်ခဲ့ပါဘူး။ ဒီမြို့တော်မှာ သူတို့
အောင်ပွဲခံနေ ချိန်မှာ နိုင်ငံအ၀ှမ်း ခက်ခက်ခဲခဲ ရပ်တည်နေရတဲ့ မိသားစုတွေမှာ
အောင်ပွဲခံစရာ ဘာမှ မရှိခဲ့ပါဘူး။
ဒီအတွက်
အပြောင်းအလဲတွေ အားလုံးဟာ ဒီနေရာမှာ အခုအချိန် စတင်နေပြီဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုရင် ဒီအခါသမယဟာ ခင်ဗျားတို့ရဲ့ အခါသမယ၊ ခင်ဗျားတို့ပဲ ပိုင်ဆိုင်ပါ
တယ်။ ဒီကနေ့ ဒီနေရာမှာ စုရုံးလာတဲ့လူတွေအားလုံး အမေရိကန်နိုင်ငံတ၀ှမ်းကနေ ကြည့်ရှု
နေကြတဲ့ လူတွေအားလုံး ပိုင်ဆိုင်ကြပါတယ်။ ဒီနေ့ဟာ ခင်ဗျားတို့ရဲ့နေ့၊
ဒီအခမ်းအနားဟာ ခင်ဗျားတို့ရဲ့ အခမ်းအနားပဲ ဖြစ်ပါတယ်။ ဒီအမေရိကန်ပြည်ထောင်စုဟာလည်း
ခင်ဗျားတို့ရဲ့ တိုင်းပြည်ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အစိုးရကို ဘယ်ပါတီက
ထိန်းချုပ်ထားတယ်ဆိုတာ တကယ့် ပြဿနာ မဟုတ်ပါဘူး။ အစိုးရကို ပြည်သူတွေက
ထိန်းချုပ်နိုင်သလား ဆိုတာကသာ လျှင် တကယ့် ကိစ္စ ဖြစ်ပါတယ်။
၂၀၁၇
ဇန်န၀ါရီ ၂၀ ရက်နေ့ကို ပြည်သူတွေဟာ ဒီတိုင်းပြည်ကို အမှန်တကယ် အုပ်ချုပ်သူ တွေ
ဖြစ်လာတဲ့နေ့အဖြစ် တွင်ကျန်ရစ်ပါလိမ့်မယ်။ ကျနော်တို့နိုင်ငံရဲ့
မေ့ဖျောက်ထားခံခဲ့ရတဲ့ အမျိုးသားတွေ၊ အမျိုးသမီးတွေဟာ နောင်ကို ပစ်ပယ်ခံရတော့မှာ
မဟုတ်ပါဘူး။ ခင်ဗျားတို့ရဲ့ အသံကို လူတိုင်းက အခုအချိန်မှာ နားထောင်နေကြပါပြီ။
သမိုင်းဝင်ဖြစ်ရပ်ကြီးတခုမှာ
သန်းပေါင်းများစွာရှိတဲ့ ခင်ဗျားတို့ ပါဝင်လာတဲ့ ဖြစ်ရပ်မျိုးကို ကမ္ဘာကြီးက
အရင်တခါမှ မတွေ့မမြင်ခဲ့ဖူးပါဘူး။ ဒီလှုပ်ရှားမှုရဲ့ အလယ်ဗဟိုမှာ အရေးကြီးတဲ့
အချက်တရပ် ရှိပါတယ်။ နိုင်ငံတခုဟာ သူ့နိုင်ငံသားတွေကို အလုပ်အကျွေးပြုဖို့ ဆိုတာပဲ
ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံသားတွေဟာ သူတို့သားသမီးတွေအတွက် ကောင်းမွန်တဲ့
စာသင်ကျောင်းတွေ လိုအပ်ပါတယ်။ သူတို့မိသားစုတွေအတွက် လုံခြုံမှုရှိတဲ့ ရပ်ကွက်တွေ
လိုအပ်ပါတယ်။ သူတို့တွေအတွက် အလုပ်အကိုင်ကောင်းတွေ လိုအပ်ပါတယ်။
ဒီအချက်တွေဟာ
တော်ဖြောင့်မှန်ကန်တဲ့ လူထုရဲ့ တရားမျှတပြီး ရသင့်ရထိုက်တဲ့ တောင်းဆို မှုတွေ
ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ နိုင်ငံသားတွေ အများစုအတွက် လက်တွေ့မှာ လုံးဝ
ခြားနားနေပါတယ်။ ကျနော်တို့ရဲ့ မြို့ပြတွေအတွင်း မိခင်တွေ၊ ကလေးတွေဟာ
ဆင်းရဲနွမ်းပါး မှု ရစ်ပတ်ခြင်း ခံနေရပါတယ်။ ကျနော်တို့ နိုင်ငံတလွှားမှာ
သံချေးတက်နေတဲ့ စက်ရုံတွေဟာ သင်္ချိုင်းအုတ်ဂူတွေလို ပြန့်ကျဲနေပါတယ်။ ကျနော်တို့ရဲ့
ပညာရေးစနစ်ဟာ ငွေကြေးတွေ ဒလဟောသုံးပေမဲ့ ကျနော်တို့ရဲ့ ငယ်ရွယ်လှပတဲ့
ကျောင်းသူကျောင်းသားတွေဟာ အသိပညာ ကင်းမဲ့နေပါတယ်။
ရာဇ၀တ်မှုတွေ၊
ပြစ်မှုဂိုဏ်းတွေ၊ မူးယစ်ဆေးတွေဟာ အသက်ပေါင်းများစွာကို လုယူသွားခဲ့ပါ တယ်။
ပြီးတော့ ကျနော်တို့တိုင်းပြည်ရဲ့ လက်တွေ့ အကောင်အထည် မဖော်လိုက်ရတဲ့
အလားအလာကောင်းတွေကိုလည်း လုယက်ယူငင်သွားခဲ့ပါတယ်။ ဒီအမေရိကန်ရဲ့ လူမှုဒုက္ခ တွေဟာ
ဒီနေရာမှာ ဒီအချိန်ကစပြီးတော့ ရပ်တန့်သွားပြီ ဖြစ်ပါတယ်။ ကျနော်တို့အားလုံးဟာ
တနိုင်ငံတည်းသားတွေ ဖြစ်ပါတယ်။ သူတို့အားလုံးရဲ့ နာကျင်မှုတွေဟာ ကျနော်တို့အားလုံးရဲ့
နာကျင်မှုပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ မျှော်မှန်းချက် အိပ်မက်တွေဟာ ကျနော်တို့ရဲ့
မျှော်မှန်းချက် အိပ်မက်တွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အောင်မြင်မှုဟာလည်းပဲ
ကျနော်တို့ရဲ့ အောင်မြင်မှုပဲ ဖြစ်ရပါလိမ့်မယ်။ ကျနော်တို့ဟာ တခုတည်းသော
အသည်းနှလုံး၊ တခုတည်းသော နေအိမ်၊ တခုတည်းသော အောင်မြင်မှု ပန်းတိုင်ကို အတူတကွ
ဝေမျှ နေထိုင်ကြတာ ဖြစ်ပါတယ်။ ဒီကနေ့ ကျနော်ခံယူတဲ့ ကျမ်းသစ္စာကျိန်ဆိုမှုဟာ
အမေရိကန် နိုင်ငံသားအားလုံးကို သစ္စာခံမယ့် ကျိန်ဆိုမှု ဖြစ်ပါတယ်။
ဆယ်စုနှစ်ပေါင်းများစွာ
ကျနော်တို့ဟာ အမေရိကန်လုပ်ငန်းတွေကို စတေးပြီး၊ နိုင်ငံခြားစီးပွားရေး
လုပ်ငန်းတွေကို ချမ်းသာကြွယ်ဝစေခဲ့တယ်။ ကျနော်တို့ရဲ့ စစ်တပ်ကို
စိတ်ညစ်စရာကောင်းအောင် ဆုတ်ယုတ်စေပြီး၊ နိုင်ငံခြားတိုင်းပြည်က စစ်တပ်တွေကို
အထောက်အပံ့ ပေးနေခဲ့တယ်။ ကိုယ့်နိုင်ငံရဲ့ နယ်နမိတ်ကို ကာကွယ်ဖို့ ငြင်းဆန်ပြီး၊
သူများနိုင်ငံတွေရဲ့ နယ်နမိတ်တွေကို အကာအကွယ်ပေးနေခဲ့တယ်။ ပြီးတော့ အမေရိကန်ရဲ့
အခြေခံ အဆောက်အဦးတွေ ဆုတ်ယုတ်ကျဆင်းစေပြီးတော့ ပင်လယ်ရပ်ခြားမှာ ဒေါ်လာ သန်း
သန်းပေါင်းများစွာ အကုန်ကျခံနေခဲ့ပါတယ်။ ကျနော်တို့ နိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှု
ခွန်အား၊ ယုံကြည်မှုတွေကို မှေးမှိန်ပျောက်ကွယ်စေပြီး၊ သူများနိုင်ငံကို
ချမ်းသာကြွယ်ဝအောင် လုပ်ပေးနေခဲ့ပါတယ်။ စက်ရုံတွေ တခုပြီးတခု ကျနော်တို့နိုင်ငံက
ထွက်ခွာသွားခဲ့တယ်။ ကိုယ့်ပြည်တွင်းမှာ အမေရိကန်တွေ သန်းနဲ့ချီပြီးတော့
အလုပ်အကိုင် ဆုံးရှုံးသွားရတာကိုတော့ လုံးဝ မစဉ်းစားခဲ့ပါဘူး။ ကျနော်တို့နိုင်ငံရဲ့
လူလတ်တန်းစားတွေဟာ အိမ်ယာတွေ စွန့်လွှတ်ရ တယ်။ ကျန်တဲ့ ကမ္ဘာတလွှားကို သွားပြီးတော့
ဖြန့်ဖြူးပေးတယ်။
ဒါပေမဲ့
အဲဒါတွေအားလုံးဟာ အတိတ်မှာ ကျန်ရစ်ခဲ့ပါပြီ။ အခုအခါ ကျနော်တို့ဟာ ရှေ့ကိုပဲ
မျှော်ကြည့် နေပါပြီ။ ဒီကနေ့ ကျနော်တို့တွေ ဒီမှာ စုရုံးပြီး၊ မြို့တိုင်း၊
နိုင်ငံခြားမြို့တော်တွေ တိုင်း၊ အာဏာရှိ အဖွဲ့စည်းတိုင်း ကြားသိစေဖို့အတွက်
ကြေညာချက်တရပ်ကို ကျနော်တို့ ထုတ်ပြန်လိုက်ပါတယ်။ ဒီနေ့ကစပြီးတော့
ကျနော်တို့မြေကို အတွေးအမြင်သစ်က အုပ်ချုပ် တော့မှာ ဖြစ်ပါတယ်။
ဒီအချိန်ကစပြီးတော့
“အမေရိကန်သည် ပထမ” ဖြစ်လာပါလိမ့်မယ်။ ကုန်သွယ်မှု၊ အကောက်ခွန်၊ လူဝင်မှုကြီးကြပ်ရေး၊
နိုင်ငံခြားရေးတွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တိုင်းဟာ အမေရိကန် အလုပ်သမားတွေ၊
အမေရိကန် မိသားစုတွေအတွက်ပဲ ဖြစ်လာပါလိမ့်မယ်။
တခြားနိုင်ငံတွေက
အမေရိကန်ရဲ့ ထုတ်ကုန်တွေ ကုမ္ပဏီ အကျိုးစီးပွားတွေကို ခိုးယူပြီး ကျနော်တို့ရဲ့
အလုပ်အကိုင်တွေကိုပါ ဖျက်ဆီးနေတာတွေကို တားဆီးဖို့အတွက် အမေရိကန်ရဲ့
နယ်စပ်တွေအားလုံးကို ကာကွယ်ကြရပါလိမ့်မယ်။ ဒီလိုကာကွယ်ခြင်းအားဖြင့်
ကြီးပွားချမ်းသာမှုနဲ့ နိုင်ငံ့ခွန်အားကို တိုးတက်လာစေပါလိမ့်မယ်။ ဒီအတွက်
ကျနော့်အသက်နဲ့အမျှ ကာကွယ်ဆောင်ရွက်ပေးသွားပါမယ်။ ခင်ဗျားတို့ ဘယ်တော့မှ စိတ်ပျက်မသွားစေရပါဘူး။
အမေရိကန်နိုင်ငံကြီး
ပြန်ပြီး အောင်မြင်လာတော့မှာပါ။ ဘယ်တုန်းကမှ မတူတဲ့ အောင်မြင်မှုမျိုးနဲ့
အောင်မြင်လာမှာပါ။ ခင်ဗျားတို့အတွက် အလုပ်အကိုင်တွေ ပြန်ရ ရစေမယ်။ ကျနော်တို့ရဲ့
နယ်စပ်တွေကို ပြန်လည်ပိုင်ဆိုင်ရစေမယ်။ ကျနော်တို့ရဲ့ ကြီးပွားချမ်းသာမှုတွေကို
ပြန်ရ ရစေမယ်။ အိမ်မက်တွေအားလုံးလည်း ပြန်အကောင်အထည်ဖော်လာရပါစေလိမ့်မယ်။
လမ်းသစ်တွေဖောက်မယ်။
အဝေးပြေးလမ်းမကြီးတွေ၊ တံတားတွေ၊ လေဆိပ်တွေ၊ ဥမင်လှိုဏ်ခေါင်းတွေ၊ ရထားလမ်းတွေ
ကိုလည်း ကျနော်တို့ရဲ့ အင်မတန် အံ့မခန်းစရာကောင်းတဲ့ နိုင်ငံတ၀န်း နေရာအနှံ့
တည်ဆောက်သွားပါမယ်။
လူမှုအထောက်အပံ့တွေအပေါ်
မှီခိုနေရတဲ့ ပြည်သူတွေ အလုပ်အကိုင်တွေ ပြန်လည်ရရှိစေရမယ်။
အမေရိကန်ပြည်ထောင်စုကြီး ပြန်လည် ထူထောင်ရေးမှာ အမေရိကန်လက် အမေရိကန်
လုပ်အားတွေနဲ့ပဲဖြစ်စေရမယ်။
ဒီအတွက်
အရိုးရှင်းဆုံး နည်းလမ်း နှစ်သွယ်ပဲရှိတယ် - အမေရိကန်ထုတ်ပစ္စည်းတွေကိုဝယ်ပါ။
အမေရိကန် လုပ်အားတွေကိုပဲ သုံးပါ။
ကမ္ဘာတ၀ှမ်းမှာရှိတဲ့
နိုင်ငံတွေအားလုံးနဲ့လည်း ကျနော်တို့ စိတ်ကောင်း စေတနာကောင်းနဲ့ မိတ်ဖက်ဖြစ်အောင်
လုပ်ဆောင်သွားပါမယ်။ ဒါပေမယ့် အားလုံးနားလည်ကြရမှာက နိုင်ငံတိုင်းဟာ ကိုယ့်နိုင်ငံ
အကျိုးစီးပွားကိုယ်ပထမ ဦးစားပေးအဖြစ် ဆောင်ရွက်ခွင့်ရှိတယ် ဆိုတဲ့အချက်ပါပဲ။
ဘယ်သူ့ကိုမှ ကျနော်တို့ရဲ့ လူနေမှုဘ၀တွေအတိုင်း လိုက်လုပ်ကြပါလို့
တိုက်တွန်းဖို့မရှိပေမယ့် လူတိုင်းအားကျတဲ့ လူနေမှုဘ၀တွေဖြစ်အောင် ကျနော်တို့
ကိုယ့်ကိုကိုယ် ချယ်မှုန်းပြသသွားဖို့ပဲ ဖြစ်ပါတယ်။
မဟာမိတ်ဟောင်းတွေနဲ့
ချစ်ကြည်မှု ပိုမိုတိုးပွားအောင် လုပ်ပြီး တချိန်တည်းမှာ မဟာမိတ်အသစ်တွေလည်း
ရှာသွားမယ်။ အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့ အတွက်
ယဉ်ကျေးတဲ့ ကမ္ဘာ့လူ့အဖွဲ့အစည်းတခုလုံးကို စည်းရုံးလုပ်ဆောင်သွားပါမယ်။
ဒီအကြမ်းဖက်ဝါဒကို ကမ္ဘာကြီးပေါ်ကနေ လုံးဝ ပပျောက်သွားတဲ့အထိ ကျနော်တို့
တိုက်ဖျက်သွားပါမယ်။ ကျနော်တို့ နိုင်ငံရေးရဲ့ အဓိက အခြေခံ အုတ်မြစ်ဟာ အမေရိကန်
ပြည်ထောင်စုအပေါ် လုံးဝ သစ္စာစောင့်သိဖို့ ဖြစ်ပါတယ်။ နိုင်ငံ့အပေါ်
ဒီလိုသစ္စာစောင့်သိမှုနဲ့အတူ တဦးအပေါ်တဦး သစ္စာစောင့်သိမှုတွေလည်း ပြန်လည်
တွန်းကားလာပါလိမ့်မယ်။ မျိုးချစ်စိတ်ဆိုတာကို ရင်ထဲမှာ နှစ်နှစ်ကာကာ
ယုံကြည်ပြီးဆိုရင် တခြားသံသပွားစရာ ဘာမှမရှိတော့ပါဘူး။
ဘုရားသခင်ကိုယုံကြည်သူတွေ
ညီညီညွတ်ညွတ်နေထိုင်ခြင်းဟာ ဘယ်လောက်သာယာ ကောင်းမွန် လိုက်ပါသလဲလို့ သမ္မာကျမ်းစာ
မှာလည်း ဆိုထားပါတယ်။ အဲဒီတော့ ကျနော်တို့ စိတ်ထဲရှိတာတွေ ပွင့်ပွင့်လင်းလင်းပြော
သဘောမတူတာတွေကို ရိုးရိုးသားသား အခြေအတင်ဆွေးနွေးပြီး သွေးစည်းညီညွှတ်မှုတွေ
တည်ဆောက်သွားရပါလိမ့်မယ်။ အမေရိကန် (နိုင်ငံသား) တွေ ညီညွှတ်ပြီဆိုရင် အမေရိကန်
(ပြည်ထောင်စုကြီး) ကို ဘယ်လိုမှ တားဆီးလို့မရနိုင်တော့ပါဘူး။
ဘာမှကြောက်မနေကြပါနဲ့။ ကျနော်တို့အတွက် အကာအကွယ်တွေရှိပါတယ်။ အမြဲတမ်းလည်း
အကာအကွယ်တွေ ရှိနေမှာပါ။ ကျနော်တို့ရဲ့စစ်တပ်နဲ့ ဥပဒေ စိုးမိုးရေးအဖွဲ့အစည်းတွေမှာ
တာဝန်ထမ်းဆောင်နေတဲ့ ကြီးမြတ်တဲ့ အမျိုးသား အမျိုးသမီးတွေက ကျနော်တို့ကို
ကာကွယ်ပေးနေသလို ဒီထက် ပိုအရေးကြီးတာက ဘုရားသခင်ကလည်း အကာအကွယ်ပေးသွားမှာဖြစ်ပါတယ်။
နောက်ဆုံးပြောရရင်တော့
ကျနော်တို့အနေနဲ့ အကြီးမားဆုံးနဲ့ ဒီထက်ကြီးမားဆုံးတွေကိုပဲ တွေးဆ
ရည်မှန်းထားရမှာဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်နေသရွှေ့
ရှင်သန်နေမှာပဲဆိုတာ အမေရိကားမှာ အားလုံးနားလည်ထားကြပါတယ်။ အပြောပဲရှိပြီး
လက်တွေ့အလုပ်မပြနိုင်တဲ့ နိုင်ငံရေးသမားတွေကို ကျနော်တို့ လက်မခံနိုင်တော့ပါဘူး။
ဒီလူတွေဟာ တချိန်လုံး ငြီးတွားအကြောင်းပြနေကြသူတွေသာဖြစ်ပြီး တကယ်တမ်း ဘာမှ
အလုပ်ဖြစ်အောင် လုပ်ခဲ့ကြသူတွေ မဟုတ်ပါဘူး။
အနှစ်မပါတဲ့
စကားတွေအတွက် အချိန်မဟုတ်တော့ပါဘူး။
လက်တွေ့လုပ်ရမယ့်
အချိန်ရောက်လာပါပြီး။
ဒါတွေဖြစ်လာမှာမဟုတ်ဘူးလို့
တခြားသူတွေရဲ့ အပြောကို မခံပါနဲ့။ အမေရိကန်တွေရဲ့ ရင်ထဲ အသည်းထဲက ခွန်အားသတ္တိနဲ့
ရင်ဆိုင်နို်င်မှုတွေကို ဘယ်စိန်ခေါ်မှုတွေကမှ
ယှဉ်ပြိုင်နိုင်စွမ်းရှိမှာမဟုတ်ပါဘူး။
ကျနော်တို့ဘယ်တော့မှ
မရှုံးပါဘူး။ ကျနော်တို့နိုင်ငံဟာ ပြန်ပြီးကြီးပွားတိုးတက်လာမှာပါ။ အခုဆိုရင်
ကျနော်တို့ဟာ ရာစုနှစ်အသစ်တခုထဲကို ချည်းနှင်းဝင်ရောက်လာခဲ့ပြီး အာကာသရဲ့
လျှို့ဝှက်မှုတွေကို ဖွေရှာစူးစမ်းဖို့၊ ကမ္ဘာကြီးပေါ်မှာ ရောဂါ ဘယ ဘေးအန္တရာယ်တွေကနေ
ကင်းရှင်းသွားစေဖို့၊ စွမ်းအင် စက်မှုလုပ်ငန်းနဲ့ ခေတ်မှီ နည်းပညာရပ်တွေကို လုံလုံလောက်လောက်
ထိန်းသိမ်း သုံးစွဲသွားနိုင်ဖို့ အားလုံးအဆင်သင့်ဖြစ်နေပါပြီ။ အမျိုးသားရေး
ဂုဏ်သိက္ခာအသစ်တရပ်ဟာ ကျနော်တို့ရဲ့ စိတ်ဓာတ် ၀ိညာဉ်တွေထဲထိုးဝင်လာပြီး
ကျနော်တို့ရဲ့ အတွေးအမြင်တွေကို မြှင့်တင် နိုင်မှာဖြစ်သလို ရှိခဲ့တဲ့ ကွဲလွှဲမှု
ဒဏ်ရာတွေကိုလည်း ကုစားနိုင်ပါလိမ့်မယ်။ ဒီနေရာမှာ ကျနော်တို့ရဲ့
စစ်သားဟောင်းကြီးတွေ အမြဲတမ်း နှလုံးသွင်းတဲ့ စကားတရပ်ကို သတိတရ ပြောပြချင်ပါတယ်။
အဲဒါကတော့ - အမည်းပဲဖြစ်ဖြစ်၊ အဖြူပဲဖြစ်ဖြစ်၊ အညိုပဲဖြစ်ဖြစ် ဘယ်သူမဆို
သွေးမြေကျရင် မျိုးချစ်တဲ့ နီရဲတဲ့သွေးတွေပဲ မြေကျရမှာပါ။ အားလုံးဟာ တူညီတဲ့
ကြီးမြတ်တဲ့ လွတ်လပ်မှုကို ခံစားကြပြီး တခုထဲသော အမေရိကန် အလံတော်ကိုပဲ
အလေးပြုကြတာပါဆိုတဲ့ စကားဖြစ်ပါတယ်။
ဒက်ထရွိုက်မြို့
ဆင်ခြေဖုံးမှာ မွေးတဲ့ကလေးပဲဖြစ်ဖြစ်၊ လေပြင်းတွေတိုက်တတ်တဲ့ နီဘရာစကာ
ပြည်နယ်လွင်ပြင်မှာ မွေးတဲ့ကလေးပဲဖြစ်ဖြစ် ညအချိန်မှာ ဒီကောင်းကင်ကြီး တခုထဲကိုပဲ
မော့ကြည့်ပြီး တူညီတဲ့ အိမ်မက်တွေ မက်နေကြမှာပါ။ သူတို့ကို ကြီးမြတ်တဲ့
ဘုရားသခင်ကလည်း ခွန်အားတွေပေးနေပါလိမ့်မယ်။
အမေရိကန်ပြည်သားများ
- အနီးအဝေး အကြီးအသေး ဘယ်လိုမြို့ကြီးမဆို၊ ဘယ်လိုတောတောင် သမုဒ္ဒရာကမ်းခြေတွေဘက်က
မဆို အားလုံးကြားကြရမယ့် စကားကတော့ ခင်ဗျားတို့ ဘယ်တော့မှ လှစ်လျူရှုမခံရတော့ပါဘူး
ဆိုတဲ့ စကားပါပဲ။ ခင်ဗျားတို့ရဲ့ အသံတွေ မျှော်လင့်ချက်တွေ အိမ်မက်တွေဟာ
အမေရိကန်နိုင်ငံရဲ့ ရည်မှန်းချက်တွေပဲ ဖြစ်ပါတယ်။ ခင်ဗျားတို့ရဲ့ သတ္တိမေတ္တာနဲ့
ကောင်းကျိုးထမ်းရွက်မှုတွေဟာလည်း ကျနော်တို့ အားလုံးကို အမြဲတမ်း
လမ်းညွှန်သွားနိုင်မှာပါ။
အားလုံးညီညွတ်မှုနဲ့
အမေရိကန် နိုင်ငံကြီး ပြန်လည် ခွန်အားကြီးထွားလာအောင် လုပ်ကြပါစို့။
အမေရိကန်နိုင်ငံကြီး
ပြန်လည် ချမ်းသာကြွယ်ဝလာအောင် လုပ်ကြပါစို့။
အမေရိကန်နိုင်ငံကြီး
ပြန်လည် ဂုဏ်ယူဖွယ်ဖြစ်အောင် လုပ်ကြပါစို့။
အမေရိကန်နိုင်ငံကြီး
ပြန်လည် လုံခြုံအောင် လုပ်ကြပါစို့။
အားလုံးစုပေါင်းပြီး
ကြီးမြတ်တဲ့ အမေရိကန် နိုင်ငံဖြစ်လာအောင် လုပ်ကြပါစို့။
ကျေးဇူးပါပဲ။
ခင်ဗျားတို့ကို ဘုရားသခင် ကောင်းချီးပေးပါစေ။ အမေရိကန်ပြည်ထောင်စုကို ဘုရားသခင်
ကောင်းချီးပေးပါစေ။
No comments:
Post a Comment