Monday, 9 January 2017

ထိုးစစ်များ ရပ်တန့်ပြီး နိုင်ငံရေးနည်းဖြင့် အဖြေရှာရန် ဆန္ဒရှိဟု TNLA ဆို



Hits: 29982 times

ရန်ကုန်၊ ဇန်န၀ါရီ ၇ ။             ။ တအောင်း/ ပလောင်အဖွဲ့ (TNLA/ PSLF) အနေဖြင့် လက်ရှိဖြစ် ပွားနေသည့်တိုက်ပွဲများကို ရပ်တန့်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးရန်ဆန္ဒရှိနေကြာင်း ထုတ်ပြန်လိုက် သည်။


“ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး၏ ဗဟိုကော်မတီ နှစ်ပတ်လည်အစည်းအဝေး သဘောထားထုတ်ပြန်ကြေညာချက်” ကို ဇန်နဝါရီ ၇ရက် စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“အဓိကဖြေရှင်းဖို့နည်းလမ်းကတော့ နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးအဖြေရှာတာပဲ။ ဒါပေမယ့် RCSS ရော အစိုးရဘက် ရောဆွေးနွေးဖို့ပြောထားတာမရှိသေးပါဘူး" ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်ကို မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းစဉ် ဖြေကြားသည်။
အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်လွတ်မြောက်ရေးတပ်မတော် RCSS အနေဖြင့် TNLA ၏ နယ်မြေသို့ ကျူးကျော် အခြေချရန် ကြိုးပမ်းလာပါက ထွက်ခွာသွားသည်အထိ မိမိတို့၏ နယ်မြေဒေသကို ကာကွယ်သွားမည်ဟု TNLA ဘက်မှပြောဆိုထားသည်။
ထို့အတူ မလိုလားအပ်သည့် ပြဿနာများ ဆက်လက်မဖြစ်ပွားစေရန်အတွက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့်လည်း အမြန်ဆုံးတွေ့ဆုံညှိနှိုင်းအဖြေရှာသွားရန် ကြိုးပမ်းသွားမည်ဟုTNLA က ဆိုသည်။
"ဆွေးနွေးဖို့ကို အမြဲတံခါးဖွင့်ထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်သာ လက်တွေ့ဆွေးနွေးဖို့ မဖြစ်သေးတာပေါ့နော်" ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းငင်းကပြောဆိုသည်။
TNLA နှင့် RCSS တို့တိုက်ပွဲဖြစ်ပွားနေရခြင်းမှာ ယေဘူယအားဖြင့် နယ်မြေအငြင်းပွားမှုကြောင့် ဖြစ်ပွားနေခြင်းဖြစ်သောကြောင့် ငြိမ်းချမ်းသည့် နည်းဖြင့်ဆွေးနွေးအဖြေရှာရန် လိုအပ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးအကြိုပြင်ဆင်ရေးကော်မတီမှ အတွင်းရေးမှူး ဦးလှမောင်ရွှေကလည်း "အလွတ်သဘောတော့ပြောနေတာတွေရှိပါတယ် တွေဆုံဖို့ကတော့ ဒီလိုပဲညှိနှိုင်းပြီးသွားနိုင်မယ်လို့ယူဆတယ်" ဟု TNLA ၏ သဘောထားအပေါ် တုံ့ပြန်ပြောကြားသည်။
နမ်မတူ၊ ကျောက်မဲ၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်တို့တွင် RCSS နှင့် TNLA တို့တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး အဆိုပါဒေသများသည် နယ်မြေပိုင်ဆိုင်မှုအငြင်းပွားမှုဖြစ်ပွားသည့် ဒေသများဖြစ်ကြောင်း ဒုဗိုလ်မှူးကြီး စိုင်းငင်းကပြောသည်။
အဆိုပါ ကိစ္စရပ်များနှင့်ပက်သက်ပြီး TNLA  ဘက်မှ ဆွေးနွေးရန် ကမ်းလှမ်းလာပါက လက်ခံဆွေးနွေးသွားမည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။
ထုတ်ပြန်ချက်တွင် NLD အစိုးရ အနေဖြင့် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ငြိမ်းချမ်းရေးမူဝါဒ (၇) ချက်ကို ပြန်လည်သုံးသပ်ပြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးပါဝင်နိုင်သည့် လက်တွေ့ကျသော ငြိမ်းချမ်းရေးဖြစ်စဉ် ဆောင်ရွက်ရန်တိုက်တွန်း ကြောင်းလည်းပါရှိသည်။
“မိမိတို့အနေဖြင့်လည်း လက်ရှိထိုးစစ်များကိုရပ်တန့်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် တွေ့ဆုံဖြေရှင်းနိုင်ရန်အတွက် ဆန္ဒအပြည့်အဝရှိပါသည်” ဟု (TNLA/ PSLF) မှ ထုတ်ပြန်ခဲ့ခြင်း   ဖြစ်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း "တကယ့် ငြိမ်းချမ်းရေးဆိုတာဟာ ဆွေးနွေးခြင်းစကားဝိုင်း မှာထိုင်ပြီးတော့ စားပွဲဝိုင်းမှာ ထိုင်ပြီးတော့ ဆွေးနွေးခြင်းနဲ့သာ ကျွန်မတို့ရနိုင်မှာဖြစ်ပါတယ်” ဟု ၂၀၁၇ကို ဇန်နဝါရီလ ၁ရက်က ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပြောကြားထားသည်။

No comments:

Post a Comment